ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဧပြီ ၂၁ ရက်၌ လေဘေးဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်မှုနှင့် မိုးကြိုကာလတွင်  ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ရာသီဥတု အခြေအနေများကို သုံးသပ်ပြင်ဆင်ခြင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဧပြီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဧပြီ ၂၁ ရက်နေ့၌ လေဘေးဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်မှု ပြန်လည်သုံးသပ်ခြင်းနှင့် မိုးကြိုကာလတွင်  ဖြစ်ပေါ်လာနိုင် ခြေရှိသည့် ရာသီဥတုအခြေအနေများကို သုံးသပ်ပြင်ဆင်ခြင်း အစည်းအဝေးကို ယနေ့နံနက် ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ဆွေး နွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ဧပြီ ၂၁ ရက်နှင့် ၂၂ ရက်တို့၌  လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့်  ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊  မိမိတို့ဝန်ကြီးဌာနနှင့် အခြားဝန်ကြီး ဌာနများက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအနေဖြင့် လည်းကောင်း၊ သက် ၏ဆိုင်ရာ တိုင်းဒေသကြီး/  ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကလည်းကောင်း  သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတုံ့ပြန်မှုများ ဆောင်ရွက်နိုင်ခဲ့ပြီး ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ စုစည်းညီညာဆောင်ရွက်နေကြောင်း၊ အရေးပေါ် ဘေးဖြစ်ပွားမှုများတွင် ထိရောက်ကောင်းမွန်သော တုံ့ပြန်မှုများ ဆောင်ရွက်ပေး နိုင်ရန်အတွက်  တာဝန်ရှိသူအားလုံး၏  ပူးပေါင်းပါဝင်ဆောင်ရွက်မှုကောင်းရန် လိုအပ်ကြောင်း၊ လတ်တလော နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအတွက် တုံ့ပြန်မှုများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနသည် လတ်တလော သက်သာချောင်ချိစေရေးနှင့် လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေးတို့အား ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခဲ့ကြောင်း။

 တွေ့ကြုံရသည့် အခက်အခဲ၊ ရင်ဆိုင်ဖြေရှင်းမှုတို့အပေါ် သင်ခန်းစာများ ဖော်ထုတ်ပြီး အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၌ သဘာဝဘေးကြုံတွေ့ချိန်တွင် ကိုးကားဆောင်ရွက်နိုင်ရေး လိုအပ်သည့် လုပ်ငန်းစဉ်၊ ပုံစံများပြုစုပြီး ဖြန့်ဝေသွားရန်ဖြစ်ကြောင်း၊ အရေးပေါ်ကာလတွင် ဘေးသင့်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်  လျှပ်တပြက် ဆန်းစစ်နိုင်မည့် ပုံစံများ ပြုစုဖြန့်ဝေထားကြရန် လိုအပ်ကြောင်း၊ သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုတွင် လျှင်မြန်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများကို  အသိအမှတ်ပြုဂုဏ်ယူသကဲ့သို့ နောင်တွင်လည်း ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်တွင် လေဘေးဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ဦးစီးဌာနနှင့် နေပြည်တော်တိုင်းဦးစီး မှူးရုံးက ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့်  (၂၀၂၂) ပါ လုပ်ငန်းလမ်းညွှန်များအား သဘာဝဘေးအရေးပေါ်တုံ့ ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ၌ လက်တွေ့ကိုးကားဆောင်ရွက်နိုင်ခဲ့မှု အခြေအနေ၊ ၂၀၂၃ ခုနှစ် မိုးကြိုကာလ (မေလ) တွင် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ရာသီဥတုအခြေအနေနှင့် ကြိုတင်ပြင်ဆင်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှာကြားသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan ဦးဆောင်သောအဖွဲ့ကို အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမတွင် တွေ့ဆုံသည်။

တွေ့ဆုံစဉ် Mr. Ramanathan က ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်မည့် လုပ်ငန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်လိုသော အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းများကို အကူအညီအထောက်အပံ့ပေးရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးကလည်း ဝန်ကြီးဌာနက တပ်မတော်နည်းပညာဌာန၏ အကူအညီဖြင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု အချက်အလက်စနစ် (Social Management Information System- SMIS) Software ရေးဆွဲခဲ့မှု၊  အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံချက်ပေးရန် လိုအပ်သဖြင့် ပူးပေါင်းဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာကို ဦးစွာလက်မှတ်ရေးထိုးရန် ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိမှုတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်