ပြည်ထောင်စုနယ်မြေနေပြည်တော်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၆

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာများနှင့် ထိစပ်သည့်သူများကို နေပြည်တော်ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း၌ နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ လည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ လည်းကောင်း နှာခေါင်းတို့ဖတ်ယူ၍ အခမဲ့ စစ်ဆေးပေးလျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ သံသယ လက္ခဏာသာမန်ရှိသူများ (ဖျားနာခြင်း၊ အနံ့ပျောက်ခြင်း) အတွက်ကိုမူ လယ်ဝေးမြို့နယ် ပြည်သူ့အားကစားကွင်း၌ နံနက် ၇ နာရီ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီတစ်ကြိမ်၊ နေ့စဉ် လူဦးရေ ၁၀၀ ကို နှာခေါင်းတို့ဖတ်ယူ၍ စစ်ဆေးပေးလျက်ရှိကာ ဖုန်းနံပါတ် ၀၉- ၈၈၀၈၃၇၃၅၃ နှင့် ၀၉- ၈၈၅၃၇၄၈၆၅ တို့သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်း နိုင်ကြောင်း နေပြည်တော်ကုသရေးဦးစီးဌာနက အများပြည်သူအား အသိပေးကြေညာထားကြောင်း သိရသည်။

 

ထို့ပြင် အရေးပေါ်လူနာများကို ပျဉ်းမနားမြို့နယ်ပြည်သူ့ဆေးရုံ ခုတင် (၂၀၀)၊ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံခုတင် (၁၀၀) နှင့် တပ်ကုန်း မြို့နယ်ပြည်သူ့ဆေးရုံ ခုတင် (၁၀၀) တို့တွင် ၂၄ နာရီ လက်ခံကုသ ပေးလျက်ရှိသည်။

 

ဇမ္ဗူသီရိမြို့နယ်ကုသရေးဦးစီးဌာန အရေးပေါ်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒေါ်တင်မျိုးလွင်က “မိမိကိုယ်မိမိ အနံ့ပျောက်နေပြီ၊ ဖျားနေပြီလို့သိရရင် ဇမ္ဗူသီရိမြို့နယ်အတွင်း နေတဲ့သူဖြစ်ရင် ဇမ္ဗူသီရိမြို့နယ်ခုတင် (၅၀) ဆေးရုံကို လာရောက်စစ်ဆေးမှုခံယူနိုင်ပါတယ်။ ဒါ့အပြင် ဒီလူနာကို စစ်ဆေးပေးပါဆိုပြီးတော့ လယ်ဝေးအားကစားကွင်းနဲ့ ပေါင်းလောင်းအားကစားကွင်းတို့ကို ထပ်လွှဲပို့ပေးပါတယ်။ အဲဒီမှာ အခမဲ့စစ်ဆေးပေးပါတယ်။ လယ်ဝေးအားကစားကွင်း၊ ပျဉ်းမနား (ပေါင်းလောင်းအားကစားကွင်း) နဲ့ နယူးဧရာဟိုတယ်ကနေပြီး စစ်ဆေးလို့ ပိုးတွေ့တယ်ဆိုရင်၊ သူ့မှာရောဂါအခြေခံလည်း ရှိတယ်ဆိုရင် လိုအပ်သလို ဆေးရုံရှိတဲ့ ကွာရတင်းစင်တာတွေမှာ ထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အဆင်သင့်ထားရှိတဲ့အတွက် အရေးပေါ်လာပြီဆိုရင်လည်း သက်ဆိုင်ရာ ဆေးရုံတစ်ခုကို လွှဲပေးပါတယ်”ဟု ပြောသည်။

 

နေပြည်တော်တွင် သက်ဆိုင်ရာဆေးရုံများနှင့် ဆက်သွယ်သတင်း ပို့ရမည့်သူများ၏ ဖုန်းနံပါတ်များမှာ ပျဉ်းမနား ခုတင် (၂၀၀) ဆံ့ ဆေးရုံ ၀၆၇-၂၂၃၀၉၊ လယ်ဝေးခုတင် (၁၀၀) ဆံ့ ဆေးရုံ ၀၆၇-၃၄၁၉၀၈၆၊ တပ်ကုန်းခုတင် (၁၀၀) ဆံ့ဆေးရုံ ၀၆၇-၈၀၇၁၀၈၁၊ ဇမ္ဗူသီရိမြို့နယ် ၀၉-၂၅၄၂၈၄၄၅၉၊ ဒက္ခိဏသီရိမြို့နယ် ၀၉-၇၇၁၁၉၁၈၇၅၊ ဇေယျာသီရိ မြို့နယ် ၀၉-၆၇၇၇၁၄၆၆၇၊ ပုဗ္ဗသီရိမြို့နယ် ၀၉-၇၉၆၃၃၈၃၇၃နှင့် ဥတ္တရသီရိမြို့နယ် ၀၉-၆၈၃၂၈၆၇၆၄ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

ကိုပေါက်(ဥက္ကာမြေ)