ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေနှင့်အဖွဲ့ (၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးနှင့် (၆) ကြိမ်မြောက် အာဆီယံနှင့် အပေါင်းသုံး အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများအစည်းအဝေး တက်ရောက်

 

နေပြည်တော်၊ ဩဂုတ် ၇

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး H.E. Pham Thi Thanh Tra ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ဩဂုတ် (၃) ရက်မှ (၅) ရက်အထိ ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာ ဖိုရမ်တို့သို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။

 

အဆိုပါ ခရီးစဉ်အတွင်း ဩဂုတ် (၃) ရက်နှင့် (၅) ရက်တို့တွင် ကျင်းပသည့် အစည်းအဝေးများကို “စည်းလုံးညီညွတ်ပြီး စွမ်းအားရှိသော အာဆီယံအသိုက်အဝန်းသို့ ဦးတည်စေမည့် ခေတ်မီ နိုင်ငံ့ဝန်ထမ်းစနစ် တည်ဆောက်ရေး” ဟူသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဩဂုတ် (၄) ရက်တွင် ကျင်းပသည့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်အား “Renovation of Civil Servants Training and Upgrading for Building Capacity and meeting International Integration requirement” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပသည်။

 

ယင်းအစည်းအဝေးများ၌ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) နှင့် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အောက်၌ သက်ဆိုင်ရာ အာဆီယံနိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၏ အခြေအနေအပေါ် ဆွေးနွေးအတည်ပြုခြင်းနှင့် အာဆီယံအပေါင်းသုံး နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ အာဆီယံ၏ အခြားဆက်စပ် အစည်းအဝေးများတွင် ACCSM ကဏ္ဍနှင့် သက်ဆိုင်သည့် အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များအပေါ် လေ့လာသုံးသပ်ခြင်း၊ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ၏ မဟာဗျူဟာကျသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း၊ ဗီယက်နမ်နိုင်ငံမှ အဆိုပြုထားသည့် “စိန်ခေါ်မှုအသစ်များအပေါ် နိုင်ငံ့ဝန်ထမ်းများ၏ လိုက်လျောညီထွေရှိမှုကို မြှင့်တင်ပေးခြင်းဆိုင်ရာ အာဆီယံကြေညာချက်” နှင့်စပ်လျဉ်း၍ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများအတွင်း တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့မှု အတွေ့အကြုံများကို မျှဝေဆွေးနွေးခြင်း၊ အာဆီယံမိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် ဩစတြေးလျနိုင်ငံ Australian Public Service Commission (APSC)နှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း၊ ဗီယက်နမ်နိုင်ငံမှ ဘရူနိုင်းနိုင်ငံသို့ (၂၂) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်သည့် အခမ်းအနားနှင့် ဘရူနိုင်းနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းအကြီးအကဲက ၎င်းတို့တာဝန်ယူမည့် ကာလအတွင်း ဆောင်ရွက်မည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးများနှင့် ဆက်စပ်လုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့ကြသည်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဟနွိုင်းမြို့ရှိ Vietnam Museum of Ethnology သို့ လေ့လာရေး ခရီးသွားရောက်ခြင်း၊ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခြင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အာဆီယံ နိုင်ငံ့ဝန်ထမ်း အကြီးအကဲများသည် ဗီယက်နမ်နိုင်ငံ၊ အစိုးရအဖွဲ့ Deputy Prime Minister H.E. Pham Binh Minh ကိုလည်း သွားရောက်တွေ့ဆုံ ဂါရဝပြုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်