နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော် (မြန်မာ – ရုရှား ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ)သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban KARA- OOL ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီမိနစ် ၂၀ တွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံအကြား ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလာကောင်းများ၊ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရုရှားနိုင်ငံမှ နိုင်ငံတကာလေ့လာသူအဖြစ် ပါဝင်အကူအညီ ပေးရေး၊ ရွေးကောက်ပွဲကျင်းပရန်အတွက် နိုင်ငံတကာမှ ကျင့်သုံးလျက်ရှိသည့် အလေ့အကျင့်များကို မျှဝေကူညီဆောင်ရွက်သွားမည့် အစီအစဉ်များတွင် ရုရှားဘာသာစကားပြန်များ ကူညီပံ့ပိုးပေးရန်နှင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ အပြန်အလှန် အကူအညီ ပေးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများ ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander AZIZOVနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အလားတူ နံနက်၁၁နာရီ၁၅မိနစ်တွင် ဟနွိုင်းမြို့ အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဦးစွာအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်နှင့် သံအမတ်ကြီးတို့သည် မြန်မာ-ဘယ်လာရုစ် သံတမန် ဆက်ဆံရေးစတင်တည်ထောင်မှု (၂၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇) ပရိဝုဏ်အတွင်း စိုက်ပျိုးကြသည်။
ထို့နောက် နှစ်ဘက်တွေ့ဆုံ၍ မြန်မာ-ဘယ်လာရုစ် သံတမန်ဆက်ဆံရေး စတင်တည်ထောင်မှု (၂၅) နှစ်ပြည့်အထိမ်းအမှတ် ကျင်းပသွားနိုင်ရေး၊ နှစ်နိုင်ငံအဆင့်မြင့် ကိုယ်စားလှယ်များအကြား ခရီးစဉ်များစီစဉ်ကာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးမြှင့်နိုင်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားနိုင်ရေး၊ မြန်မာ-ဘယ်လာရုစ်ချစ်ကြည်ရေး မြှင့်တင် ဆောင်ရွက်ရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံအမတ်ကြီးနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်