ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၄ နှစ်တာခရီး

 

 

ထက်အောင်

 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၁၁-၃-၂၀၂၄ ရက်နေ့တွင် ၁၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ) ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥပဒေအမှတ် (၁/၂၀၁၀) ဖြင့် ပြဋ္ဌာန်းထား သော ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပုဒ်မ ၃ တို့အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို စတင်ဖွဲ့စည်းပေးခဲ့ပါသည်။

ရုံးအမည်ကိုလည်း ယခင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရုံး ဟုခေါ်ဆိုရာမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးအဖြစ် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၀၆/ နယက (ဥ)/တဝ-၂ ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

 

၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၄ နှစ်တာကာလအတွင်း ကော်မရှင် လေးခု၊ ဥက္ကဋ္ဌအားဖြင့် လေးဦး တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၁၀) ဖြင့် ဥက္ကဋ္ဌ ဦးသိန်းစိုးအမှူးပြုသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကော်မရှင်သည် ပြင်ဆင်ဆောင်ရွက်ရန်အချိန် ရှစ်လသာရရှိခဲ့ပါသည်။ အဆိုပါ ရှစ်လတာကာလအတွင်း၌ပင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော် ၃ ရပ်အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်အတည်ပြုပြဋ္ဌာန်းနိုင် ရေး၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ သင်တန်းပေးခြင်း၊ နိုင်ငံရေးပါတီများ တည်ထောင်ခြင်း၊ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်၊ မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊ မဲစာရင်း များပြုစုခြင်း၊ မဲရုံများ သတ်မှတ်ခြင်း၊ မဲရုံသုံးပစ္စည်းများ တွက်ချက်ဖြည့်ဆည်းပေးပို့ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား စိစစ်အတည်ပြုခြင်း၊ မဲလက်မှတ်များရိုက်နှိပ်ခြင်း၊ ဖြန့်ဝေခြင်း၊ မဲဆန္ဒရှင်ပြည်သူများအား ပညာပေး ဆောင်ရွက်ခြင်း စသည့်များပြားလှသောလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီပြီးစီးအောင် ဆောင်ရွက်ခဲ့ရပြီး ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ဆောင်ရွက်ခဲ့ရပါသည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၃၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံရေး ပါတီ ၂၂ ပါတီ အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါသည်။

 

၂၀၁၅ ခုနှစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်

 

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးနောက် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဥက္ကဋ္ဌ ဦးတင်အေး အမှူးပြုသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်သမ္မတက ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက်အမှတ် (၅/၂၀၁၁) ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အမှူးပြု သောကော်မရှင်အဖွဲ့သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို သမာသမတ်ကျစွာ ကျင်းပပေးပြီးသည့်နောက် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တရားမျှတ စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာမှ ယုံကြည်လက်ခံသောရွေးကောက်ပွဲ ဖြစ်ရေးတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ စောင့်ကြည့် လေ့လာနိုင်စေရန် ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ထုတ်ပြန်၍စောင့်ကြည့် လေ့လာစေခဲ့ပါသည်။ မီဒီယာကဏ္ဍတွင်လည်း ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းမီဒီယာ ကျင့်ဝတ်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ရေးဆွဲခဲ့ပြီး ရွေးကောက်ပွဲကာလ အတွင်း ပြည်တွင်းနှင့် နိုင်ငံတကာသတင်း အဖွဲ့များအား သတင်းရယူခွင့်ပြုခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာက တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံရေးပါတီ ၂၂ ပါတီ အနိုင်ရရှိခဲ့ပါသည်။

 

mdn

 

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်

 

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးသည့်နောက် တတိယအကြိမ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဥက္ကဋ္ဌဦးလှသိန်းအမှူးပြုသော ကော်မရှင်အဖွဲ့ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက်အမှတ်၊ ၄/၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်စွက်ဖက်ခြင်း၊ အာဏာရပါတီ ပိုမိုအခွင့်သာမည့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများအား ပြင်ဆင်ခြင်း၊ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးအာဏာနှင့် ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ကန့်သတ်တားမြစ်ချက်များကို အသုံးချ၍ အသာစီးရယူဆောင်ရွက်ခြင်း၊ ရုပ်မြင်သံကြားနှင့်သတင်းစာမှ ထုတ်လွှင့်ဖော်ပြသည့် နိုင်ငံရေးပါတီများ၏ ဟောပြောချက်များကို ထုတ်လွှင့်ရာတွင်လည်း ပြိုင်ဘက် နိုင်ငံရေးပါတီများ၏ ဟောပြောချက်များအား ဖြတ်တောက်ဆင်ဆာပြုလုပ်ခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဆောင်ရွက်နိုင်သည့် လုပ်ငန်း ၁၃ မျိုးမှ လေးမျိုးကို လျှော့ချခဲ့ပြီး စောင့်ကြည့်ခြင်း လုပ်ငန်းစဉ်အားဖြုတ်၍ လေ့လာခွင့်သာပြုခဲ့ခြင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ် Code of Conduct for Political Parties and Candidates (CoC) ရေးဆွဲရာတွင် ဝင်ရောက်စွက်ဖက်လွှမ်းမိုး ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသော ညွှန်ကြားချက်အမျိုးမျိုး ထုတ်ပြန်ခြင်းဖြင့် ဘက်လိုက်ဆောင်ရွက်ခြင်း၊ ကြိုတင်မဲများကောက်ခံ ရာတွင်လည်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသော၊ မှန်ကန်မျှတမှုမရှိသော ကြိုတင်ဆန္ဒမဲ ကောက်ခံခြင်းများ ဆောင်ရွက်ခဲ့သဖြင့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာကို ထိန်းသိမ်းခဲ့ရပါသည်။

 

mdn

 

လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ဥက္ကဋ္ဌ ဦးသိန်းစိုးအမှူးပြုသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ်၊ (၇/ ၂၀၂၁) ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ ဦးသိန်းစိုး အမှူးပြုသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် အမှတ်စဉ် (၁) ပါ မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် အထက်ဖော်ပြပါအချက်များ စစ်ဆေးတွေ့ရှိရပြီး တရားမျှတမှု မရှိသဖြင့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ရပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ တာဝန်ဖြစ်သည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး၊ လွှတ်တော်အတွင်း တစ်ပါတီကြီးစိုးသည့်စနစ် မဖြစ်စေရေးနှင့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲများ အဟောသိကံ အလဟဿမဖြစ်စေရေးအတွက် ယခင်ကျင့်သုံးသော အများဆုံးရသူအနိုင်ယူ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးနိုင်ရေးနှင့် စပ်လျဉ်းပြီး တည်ဆဲနိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့မှုများအရ ရွေးကောက်ပွဲစနစ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်များအတွက် FPTP စနစ် ဆက်လက် ကျင့်သုံးပြီး ကျန်လွှတ်တော် ကိုယ်စားလှယ်များအား အချိုးကျကိုယ်စားပြုစနစ် Closed List (PR) ကို အသုံးပြု ရွေးကောက်တင်မြှောက်ရန် သဘောတူညီ မှု ရယူသတ်မှတ်နိုင်ခဲ့ပါသည်။

ထိုကဲ့သို့ သတ်မှတ်ပြီးနောက် PR စနစ်နှင့် ကိုက်ညီမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ရေးဆွဲ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်းပြီးနောက် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး အားကောင်းသော ပါတီများ ဖြစ်စေရေး လိုအပ်သောစစ်ဆေးမှုများ၊ ညွှန်ကြားမှု များကို ဆောင်ရွက်ခဲ့ပါသည်။

မဲစာရင်းများပြုစုရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် အခြေခံမဲဆန္ဒရှင်စာရင်းနှင့် မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ကနဦးမဲဆန္ဒရှင်စာရင်း စိစစ်ခြင်းစနစ် (IVLS) နှင့် Cross check ပြုလုပ်နိုင်သည့် Software များကို ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့်ပူးပေါင်း၍ Pilot Project ဆောင်ရွက်ခဲ့ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပေးပို့လာသည့် လူဦးရေစာရင်း ပထမ (မူကြမ်း)ကို သက်ဆိုင်ရာမြို့နယ်အလိုက် မဲရုံအဆင့်အထိ လူဦးရေစာရင်း လျာထား ဆောင်ရွက်ရာတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မြို့နယ်အဆင့်မဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှုစနစ် (Admin DEO, DEO Software) နှင့် ဗဟိုမဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS) တို့ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စနစ်များကို ကော်မရှင်၏သီးခြား Network အတွင်း ကိုယ်ပိုင် Server များဖြင့် ထိန်းသိမ်းထားရှိပါသည်။

မဲမသမာမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးနှင့် ဆန္ဒမဲလက်မှတ်များ ဖောင်းပွမှုမဖြစ်စေရေးတို့ အတွက် ရည်ရွယ်၍ Electronic မဲပေးစက် EVM ကို အသုံးပြုမဲပေးနိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူလူထု ၏ စာတတ်မြောက်မှုနှုန်း၊ နားလည်နိုင်မှုအခြေ အနေတို့နှင့်ကိုက်ညီမည့် မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) ကို တီထွင်ဆောင်ရွက်ခဲ့ပါသည်။

 

mdn

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ၃၁-၁-၂၀၂၄ ရက်စွဲပါ အမိန့်အမှတ်၊ (၉/၂၀၂၄) အရ ဥက္ကဋ္ဌ ဦးသိန်းစိုးအား ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုခဲ့ပြီး ဦးကိုကိုအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ (၁၀/၂၀၂၄) ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တာဝန်ပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသည့် အားနည်းချက်/ အားသာချက်များ ကို သင်ခန်းစာယူ၍ ရွေးကောက်ပွဲဖြစ်စဉ်များ၌ တရားမျှတမှုရှိစေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ မဖြစ်ပွားစေရေးတို့အတွက် မဲဆန္ဒရှင်ပြည်သူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက် ပွဲလုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် Stakeholders များအပါအဝင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် အမှတ်စဉ် (၅) ပါ တာဝန်အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပ နိုင်ရေး အလေးအနက်ထားဆောင်ရွက်နေမှုအား ဤဆောင်းပါးဖြင့် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်။