ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအား ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ စစ်ဆေး

နေပြည်တော် မေ ၃၁
    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထားသော “ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း ”  တာဝန်နှင့်အညီ နိုင်ငံရေး ပါတီများ ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ 


ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဦးဆောင်ပြီး ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ကယားပြည်နယ် အခြေစိုက်ဖြစ်သော ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(Kayah State Democratic Party) ကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် မေ ၂၇ ရက်မှ ၂၉ ရက်အထိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

( သတင်းစဉ် )