ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ဝန်ကြီးဌာန များအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

 

နေပြည်တော် ဩဂုတ် ၂၃

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသ ခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန မင်္ဂလာခန်းမတို့၌ ကျင်းပသည်။

 

အခမ်းအနားများသို့ ပြည်‌ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

 

ရှင်းလင်းဆွေးနွေးခြင်းနှင့်သရုပ်ပြပွဲများသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း(၉၄)ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း(၃၂၁) ဦး တက်ရောက်ကာ မဲပေးစက်ဖြင့် လက်တွေ့ ဆန္ဒမဲပေးကြပြီး သရုပ်ပြရှင်းလင်းမှုများနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်း၍ အကြံပြုဆွေးနွေးကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် Myanmar Electronic Voting Machine (MEVM) စက်များအား ဝန်ကြီးဌာနများသို့ သွားရောက်၍ သရုပ်ပြ ရှင်းလင်းဆွေးနွေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဝန်ကြီးဌာန ၁၆ ခု၌ အရာထမ်း၊ အမှုထမ်းပေါင်း ၂၉၈၈ ဦး လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

 

စမ်းသပ်ဆောင်ရွက်ရာတွင် စက်နှင့်ပတ်သက်၍ ချို့ယွင်းချက်တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိသည့်အတွက် MEVM စက်အသုံးပြုမှုကို စိတ်ချယုံကြည်စွာဆောင်ရွက်နိုင်ပြီး စမ်းသပ်မဲပေးခဲ့သည့် မဲဆန္ဒရှင် အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ရွေးချယ်မဲပေးခဲ့သည့် ပါတီကို ဆန္ဒမဲဖြတ်ပိုင်းတွင် မျက်မြင်တွေ့ရှိပြီးမှ မဲပုံး အတွင်းသို့ ရောက်ရှိသွားသည့်အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင်းလင်းမြင်သာမှုရှိစွာ မဲပေးနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)