နေပြည်တော် ဒီဇင်ဘာ ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက် ထားခြင်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိရာ တည်ဆဲနိုင်ငံရေး ပါတီ ၅၃ ပါတီရှိပြီး၊ တည်ထောင်ခွင့် စိစစ်ဆဲပါတီအနေဖြင့် တစ်ပါတီရှိကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်သည့်နေ့ ရက်အတွင်း ပါတီဝင်အင်အား ပြည့်မီရေးနှင့် ပါတီရုံးခန်းများ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေး တို့ကို သတ်မှတ်ကာလအတွင်း သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း။
ပါတီရုံးခန်း ဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်း၊ ပါတီအလံလွှင့်ထူခြင်းတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများမှလွဲပြီး အခြားအဆောက် အအုံများတွင် သက်ဆိုင်ရာ ဒေသန္တရအဖွဲ့အစည်းများ၏ စည်းကမ်းများနှင့်အညီ ရုံးခန်းဖွင့်လှစ်ရန်နှင့် ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း မပြုလုပ်မီ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ အသိပေးရန် ဖြေလျော့ဆောင်ရွက်ပေးခဲ့ကြောင်း၊ပါတီတွင်းနှင့် ပါတီပြင်ပ စည်းရုံးရေးဆောင်ရွက်မှုကို မှတ်ပုံတင်ခွင့်ရရှိပြီးသည့် နိုင်ငံရေးပါတီများ အနေဖြင့် ပြည်သူလူထု အကျိုး၊ ဒေသအကျိုးများကို တတ်နိုင်သမျှ စည်းရုံးဆောင်ရွက်ကြစေလိုကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ စောင့်ကြည့်လေ့လာခွင့်နှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့်မပြုဘဲ လေ့လာခွင့်သာပြုခဲ့ခြင်းနှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အချက် ၁၃ ချက်အနက် လေ့လာခွင့်မပြုခဲ့သည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ စောင့်ကြည့်လေ့လာခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းတို့ကို စောင့်ကြည့်လေ့လာခြင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း စသည့်အချက်များကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတိုင်း ပြန်လည်ထည့်သွင်းပြီး စောင့်ကြည့်လေ့လာခွင့် စံနှုန်းနှင့်အညီ ခွင့်ပြုသွား မည်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာ မှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် ဘာသာစကား ၅ မျိုးဖြင့်ဖတ်ရှုနိုင်သည့် Website ကို နိုဝင်ဘာ ၂၂ ရက်တွင် လွှင့်တင်ထားပြီး ဖြစ်ကြောင်း၊ အဆိုပါ Website တွင် Mobile Application ကိုလည်း Download ရယူနိုင်ကြောင်း၊ Soft Copy များ ကို နိုင်ငံရေးပါတီများသို့လည်း ဖြန့်ဝေထားကြောင်း၊ရွေးကောက်ပွဲကော် မရှင်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် သိက္ခာရှိ သည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သိက္ခာရှိသော လွှတ်တော်ဖြစ်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များသည် အရည်အချင်းရှိသော ကိုယ်စားလှယ်များဖြစ်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများအား ကြိုတင်ရွေးချယ်လေ့ကျင့်ပေးရန်လိုကြောင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်နှင့်အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများက ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှတာ ဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၅၃ ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်