ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရအဓွန့်ရှည် တည်တံ့ခိုင်မြဲရေး

၂၈  ဇန်နဝါရီ

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။

ထိုနေ့သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သည့် နေ့တစ်နေ့ဖြစ်ဘိသကဲ့သို့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ် မှုကို အခိုင်အမာသက်သေပြနိုင်သည့် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သော (ဝါ) သမိုင်းမော်ကွန်းရေးထိုးနိုင်ခဲ့သော နေ့ထူးနေ့မြတ်လည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ပင်လုံစာချုပ်

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့၌ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပြည်သူလူထုတို့သည် ညီလာခံကျင်းပ၍ မြန်မာပြည်သူ ပြည်သားများ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်ကြောင်း အခိုင်အမာပြသသည့် ပင်လုံစာချုပ်ကို တညီတညွတ်တည်း သဘောတူလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။ ထိုနေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ခေါင်းဆောင်များ၏ ဉာဏ်အမြော်အမြင် ရှိမှု၊ အရည်အချင်းပြည့်ဝမှုနှင့်အတူ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုကို တင်းပြည့်ကျပ်ပြည့်ပြသနိုင်ခဲ့သဖြင့် အားလုံးမျှော်မှန်းသည့် လွတ်လပ်ရေးပန်းတိုင်ကို ရရှိခဲ့ခြင်းဖြစ်ပေသည်။

မြန်မာလူမျိုး

မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးတို့အတူတကွ မှီတင်းနေထိုင်ရာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများသည် မြန်မာနိုင်ငံတစ်ဝန်း ဒေသအနှံ့အပြားတွင် အတူတကွပျံ့နှံ့လျက် နေထိုင်ကြပြီး သမိုင်းတစ်လျှောက်တွင် စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြသည်။

မြန်မာ” ဟူသော ဝေါဟာရသည် တိုင်းရင်းသား လူမျိုးတစ်မျိုးတည်းကိုသာ ရည်ညွှန်းကိုယ်စားပြုသော ဝေါဟာရမဟုတ်၊ တိုင်းရင်းသားလူမျိုးအားလုံးကို လွှမ်းခြုံခေါ်ဝေါ်ထားသောအမည် သတ်မှတ်ချက်ဖြစ်သည်။ မြန်မာအဘိဓာန် အကျဉ်းချုပ်အတွဲ(၃) တွင် “မြန်မာနိုင်ငံ၌ နှစ်ကာလရှည်စွာ အစဉ်အဆက်ပျံ့နှံ့လျက် အတူတကွ အခြေစိုက်နေထိုင်သော တိုင်းရင်းသားလူမျိုး” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

မြန်မာလူမျိုးသမိုင်းအစသည် လွန်ခဲ့သော နှစ်သန်း ၄၀ ကပင် စခဲ့သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူသားဖြစ်ပေါ်မှု ရှေးကျသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့သည်မှာ အမှန်ဖြစ်ကြောင်းကို မြန်မာတို့၏ မြို့ပြနိုင်ငံများဖြစ်သည့် တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဝေသာလီ၊ သုဝဏ္ဏဘုမ္မိစသည့် မြို့ပြတွင် တွေ့ရှိနေရသော ဘုရားစေတီပုထိုး၊ ဆင်းတုတော်များ၊ ပန်းပု လက်ရာများ၊ လူ့အသုံးအဆောင်ပစ္စည်းကိရိယာများ၊ ကျောက်စာများက သာဓကပြနေပေသည်။

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသောတိုင်းရင်းသား လူမျိုးအသီးသီးတို့သည် တစ်မြေတည်းနေ တစ်ရေတည်းသောက် ကြီးပြင်းလာကြပြီး သမိုင်းကြောင်း ရှည်လျားစွာ ရှေးပဝေသဏီ သမိုင်းမတင်မီကာလ ကတည်းကပင် အေးအတူပူအမျှ အတူတကွ နေထိုင် လာခဲ့ကြသူများ ဖြစ်ကြသည်။ နေထိုင်ရာဒေသကိုလိုက်၍ အခေါ်အဝေါ်ပြောဆိုသော စကား၊ ယုံကြည်ရာ ဘာသာတရား ကွဲပြားကောင်း ကွဲပြားကြမည်ဖြစ်သော်လည်း မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာ၊ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံများမှာ အခြေခံအားဖြင့် တူညီကြပါသည်။

သမိုင်းအမြင်နှင့် သင်ခန်းစာ

နိုင်ငံ၏ကောင်းကျိုး၊ ဆိုးပြစ်၊ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတွင် အခြေတည်ကာ ဖြစ်ပေါ်သည်။ အေဒီ ၁၀၄ ခုနှစ်၊ အနော်ရထာ မင်းလက်ထက် ပုဂံကို ဗဟိုပြု၍ ပထမမြန်မာနိုင်ငံတော် ကိုလည်းကောင်း၊ အေဒီ ၁၅၅၁ ခုနှစ်တွင် ဘုရင့်နောင် သည် တောင်ငူနှင့် ဟံသာဝတီကို ဗဟိုပြု၍ ဒုတိယမြန်မာ နိုင်ငံတော်ကိုလည်းကောင်း၊ အေဒီ ၁၇၅၂ ခုနှစ် အလောင်း ဘုရားဦးအောင်ဇေယျသည် ရွှေဘိုကို ဗဟိုပြု၍ တတိယ မြန်မာနိုင်ငံတော်ကိုလည်းကောင်း အသီးသီးစုစည်း တည်ထောင်နိုင်ခဲ့ကြသဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပိုမိုခိုင်မြဲအားကောင်းခဲ့ ခြင်းကြောင့် နိုင်ငံတော်၏ အင်အားတောင့်တင်းခိုင်မာ၍ ခမ်းနားထင်ရှားဂုဏ် မြင့်မားကာ ကြီးပွားချမ်းသာပြီး အိမ်နီးချင်းနိုင်ငံများ၏ ချစ်ကြည်လေးစားမှုကို ခံခဲ့ရသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အားနည်းလာသည့် အခါကာလများတွင် နိုင်ငံ၏အင်အားယုတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအခြေအနေများ အဆင့်အတန်း နိမ့်ကျခဲ့ရသည် ကို ထင်ထင်ရှားရှား ကြုံခဲ့ရပြီးဖြစ်သည်။ ။

မြန်မာနိုင်ငံကို သိမ်းပိုက်ကျွန်ပြု၍ ဗြိတိသျှကိုလိုနီ နယ်ချဲ့တို့သည် ၁၈၂၄ ခုနှစ်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲ၊ ၁၈၈၅ ခုနှစ်တွင် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲသုံးကြိမ် မတရား ကျူးကျော် ဆင်နွှဲခဲ့ကြသည်။

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲရှုံးနိမ့်သဖြင့် စစ်လျော်ကြေး ငွေကျပ်ဒင်္ဂါးတစ်ကုဋေနှင့် ရခိုင်၊ တနင်္သာရီ ကမ်းရိုးတန်းများကို ပေးလိုက်ရသည်။ နှစ်နှစ်ကြာမြင့်ခဲ့သော ထိုစစ်ပွဲသည် လက်နက်အင်အား၊ အတတ်ပညာအား ကွာခြားမှုကြောင့် စစ်ရှုံးရသည်ဟုဆိုကြသည်။ မှန်ပါသည်။ မြန်မာတို့တွင် ထိုအချိန်အထိ အင်္ဂလိပ်တို့ကဲ့သို့ စနစ်တကျ ဖွဲ့စည်းထားသော အမြဲတမ်း စစ်တပ်မျိုးမရှိသေးပါ။ (အင်္ဂလိပ်တို့မှာမူ ၎င်းတို့ လူမျိုးသာမကဘဲ အိန္ဒိယကဲ့သို့သော ကိုလိုနီနယ်များမှ နိုင်ငံသားများကိုပါ ပုံမှန်လစာများ၊ အခွင့်အရေးများပေး၍ စနစ်တကျ လေ့ကျင့်ဖွဲ့စည်း ထားသော စစ်တပ်များဖြင့် တစ်ကမ္ဘာလုံးသို့ လှည့်လည်၍ နယ်ချဲ့နေလေပြီ။

မြန်မာတို့၏ အမြဲတမ်းတပ်မှာ အင်အားငါးထောင်၊ ခြောက်ထောင်ထက်မပိုသော နန်းတော်စောင့်တပ်သာ ဖြစ်သည်။ သို့တိုင်အောင် ပုံမှန်လစာများပေး၍ စနစ်တကျလေ့ကျင့်မှုများ မရှိလှပါ။ စစ်ပွဲဖြစ်ပွားမှသာ မြို့စား၊ နယ်စား၊ စော်ဘွားများကသာ မိမိတို့ နယ်သူ နယ်သားများကို အချိုးကျထည့်ဝင်စုဆောင်းကာ ၎င်းတို့ကိုယ်တိုင် တပ်မှူးအဖြစ် ဦးဆောင်၍တိုက်ကြရခြင်းဖြစ်သည်။ စစ်ပြီးလျှင် ကိုယ့်ကိုယ် ပြန်သွားကြသည်။ မြန်မာပဒေသရာဇ်ခေတ်မှ တပ်မတော်များသည် ခေတ်မီတပ်မတော်များ မဟုတ်ပါ။ အနော်ရထာမင်းကြီး လက်ထက်မှာ သီပေါမင်းအထိတိုင်အောင် ခေတ်မမီသေးသဖြင့် စနစ်တကျဖွဲ့စည်းထားသော အင်္ဂလိပ်စစ်တပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရသောအခါ ရှုံးနိမ့်ရတော့သည်။

မြန်မာဘုရင် ဘကြီးတော်က အင်္ဂလိပ်တို့သိမ်းပိုက် ထားသောဒေသများကို ပြန်လည်ပေးအပ်ရန် အင်္ဂလိပ် ဘုရင်ခံချုပ်ရှိရာ အိန္ဒိယသို့ မြန်မာသံအဖွဲ့ စေလွှတ်၍ ချစ်ကြည်ရေးဆောင်ရွက်ခဲ့သော်လည်း အိန္ဒိယတွင် နှစ်နှစ် ခြောက်လကြာအောင် ဂုဏ်သိက္ခာညှိုးငယ်စွာဖြင့် သည်းခံ စောင့်ဆိုင်းတွေ့ဆုံခဲ့သော်လည်း မည်သည့် အကျိုးရလဒ် ရရှိခဲ့ခြင်း မရှိပါ။

ဤတွင် နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်သော ကာကွယ်ရေးအင်အား၊ ဓနအင်အား၊ ခေတ်မီအတတ်ပညာ စသည်တို့ ပြည့်စုံတောင့်တင်း ခိုင်မာအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက မျက်နှာငယ်။ အောက်ကျို၊ အညံ့ခံဘဝရောက်ရမည်ဆိုသည်ကို ဤ သမိုင်းဖြစ်ရပ်မှ သင်ခန်းစာရရှိနိုင်ပါသည်။

၁၈၅၂ ခုနှစ်တွင်ဖြစ်ပွားသော ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် မုတ္တမ၊ ပဲခူး၊ ရန်ကုန်၊ ပြည်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ရသည်။ မြန်မာနိုင်ငံအောက်ပိုင်းကို လက်လွှတ်လိုက်ရသဖြင့် ပင်လယ်ထွက်ပေါက်မရှိတော့သော မြန်မာနိုင်ငံသည် ပို၍အင်အားချည့်နဲ့ လာတော့သည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖြစ်ပွားသော တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင်လည်း အရေးနိမ့်သဖြင့် အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က သိမ်းပိုက်လိုက်ကြသည်။ ထိုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သီပေါမင်း ပါတော်မူသည်။ ထိုအချိန်မှစ၍ မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာဆုံးရှုံးကာ မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘ၀သို့ ကျရောက်ခဲ့ရလေသည်။ ။

ဤတတိယအင်္ဂလိပ်-မြန်မာစစ်ပွဲသည် ရက်သတ္တ နှစ်ပတ်သာ ကြာသဖြင့် လွတ်လပ်ရေးဆုံးရှုံးရသည်မှာ တစ်ခဏကြာကာလတွင် အရေးနိမ့်ခဲ့ရာမှ ထိုဆုံးရှုံးသွားသော လွတ်လပ်ရေး ပြန်လည်ရရှိရန် နှစ်ပေါင်း ၁၀၀ ကျော် တိုက်ယူခဲ့ရသည်ဆိုသည်ကို သင်ခန်းစာရရှိနိုင်ပေသည်။

လွတ်လပ်ရေးဆုံးရှုံး၍ သူ့ကျွန်ဘ၀ ကျရောက်ခဲ့ရသော်လည်း မြန်မာတိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည် သူ့ကျွန်အဖြစ် နွံနစ်မခံ ဇာတိသွေး ဇာတိမာန်ဖြင့် ဆန့်ကျင်တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်အဟုန် မြင့်မားလာ၍မြန်မာနိုင်ငံအား လွတ်လပ်ရေးမပေးလျှင် မဖြစ်တော့သည့်အခြေအနေသို့ ရောက်ရှိနေသော အချိန်မှာပင် ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရာတွင် တောင်တန်းဒေသများကို ချန်လှပ်ထားရန် လုပ်ကြံဖန်တီးခဲ့ကြသေးသည်။ ။

သို့သော် ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီး ပင်လုံညီလာခံ ကျင်းပ၍ ပင်လုံစာချုပ်ကို ချုပ်ဆိုကာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အခိုင်အမာ တည်ဆောက်ပြသခဲ့ကြသဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။

ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေး

သတ္တိဗျတ္တိနှင့် ပြည့်စုံသော အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လျက် ထက်မြက်သော မျိုးချစ်ခေါင်းဆောင်ကြီးများနှင့်တကွ တောင်တန်းမြေပြန့်မကျန် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၊ မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယတို့ဖြင့် အသက်သွေးချွေး မြောက်မြားစွာရင်းနှီးပြီး တည်ဆောက် ပေးထားခဲ့သော ဘိုးဘွားတို့အမွေ ဤပြည်ထောင်စုမြေ (ပြည်ထောင်စုကြီး) တစည်းတလုံးတည်း အဓွန့်ရှည် တည်တံ့ခိုင်မြဲနေစေရေးအတွက် ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသား ပြည်သူအားလုံးအတူတကွလက်တွဲစည်းလုံးနေကြရမည် ဖြစ်သည်။ စည်းလုံးညီညာအောင်ကြောင်းဖြာ ဆိုစကား အတိုင်း ခိုင်မြဲစွာတုတ်နှောင်ထားသော ထင်းစည်းပမာ ကျစ်လျစ်သိပ်သည်းစွာ စည်းလုံးညီညွတ်နေပါက ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေမည့် အဖျက်အမှောင့် အနှောင့်အယှက်မှန်သမျှကို စည်းလုံးညီညွတ်သော အားမာန်ဖြင့် တွန်းလှန်ဖယ်ရှားသွားနိုင်မည်ဖြစ်သည်။

ဝိုင်းဝန်းကူညီ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားလူမျိုးစုများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြီးဖြစ်သည့်အတွက် ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်မှုရှိရှိဖြင့် သွေးစည်းညီညွတ်နေရေးသည် အသက်တမျှ အရေးကြီးလှပါသည်။ မျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်၊ ဝံသာနုရက္ခိတတရား၊ ဗြဟ္မစိုရ် တရားများထားရှိကာ အပြန်အလှန် ချစ်ကြည်လေးစား၊ ကူးလူးဆက်ဆံပေါင်းသင်းနေထိုင်သွားကြပြီး ၎င်းတို့၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်အောင် ဖန်တီး ဖော်ဆောင် လုပ်ကိုင်ပေးကြပါမှလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပိုမိုခိုင်မြဲပြီး ပြည်ထောင်စုကြီး ရေရှည်တည်တံ့နေမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရကလည်း ရေရှည်တည်တံ့ခိုင်မြဲမည့် ထာဝရငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကြီးကို ဦးစားပေးလုပ်ဆောင်နေသည်ကို တွေ့နေကြရပြီဖြစ်သဖြင့် ယင်းလုပ်ငန်းစဉ်ကြီး အောင်မြင်အောင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကကျရာ အခန်းကဏ္ဍမှ ယခုထက်ပိုမိုပြီး ဝိုင်းဝန်းကူညီပါဝင်၍ ပံ့ပိုးလုပ်ဆောင်ပေးကြရန် လိုအပ်ပါသည်။

အခြားတစ်ဖက်တွင်လည်း ယခုနှစ် ပြည်ထောင်စုနေ့အတွက် ချမှတ်ပေးထားသည့် အမျိုးသားရေးဦးတည် ချက်များကို အလေးအနက်ခံယူပြီး ယင်းလုပ်ငန်းစဉ်များ ပေါက်မြောက်အောင်မြင်အောင် ဝိုင်းဝန်းပံ့ပိုးကူညီ လုပ်ဆောင်ပေးခြင်းဖြင့် ကျွန်ုပ်တို့မျှော်မှန်းထားသော ချမ်းသာကြွယ်ဝ တန်းတူညီမျှ၊ စည်းကမ်းပြည့်ဝပြီး ခိုင်မာတောင့်တင်းသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် နိုင်ငံတကာအလယ်တွင် ခံ့ညားထည်ဝါစွာ အဓွန့်ရှည်ကြာ ရပ်တည်နေနိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသတည်း။ ။

ဦးအောင် (ရွှေပေါက်ကံ)