နေပြည်တော် ဇွန် ၁

အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၌ တရားဝင် ခရီးစဉ် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်း တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး (Hyderabad House)၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့် တွေ့ဆုံဆွေးနွေးသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး (Hyderabad House)သို့ ရောက်ရှိရာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့သည် သီးခြားတွေ့ဆုံ ဆွေးနွေးသည်။ အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး Dr. P.K. Mishra ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့် ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများတက် ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi က ပြောကြားရာတွင် အဆွေတော် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ယခုကဲ့သို့လက်ခံတွေ့ဆုံရသည့်အတွက် များစွာ ဝမ်းမြောက်မိသည်ကို ဦးစွာပြောကြားလိုပါကြောင်း၊ မိမိနှင့်အဆွေတော်အနေဖြင့် ယခင်ကတည်းက မကြာခဏ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မကြာမီက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆွေတော်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက်ပိုင်း မိမိတို့နိုင်ငံသို့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ရွေးချယ်ပေးခဲ့မှုအပေါ်တွင်လည်း မိမိတို့အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အဆွေတော်နှင့် ကိုယ်စားလှယ်အဖွဲ့ကို မိမိတို့အနေဖြင့် လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် အဆွေတော်တို့အနေဖြင့် ခက်ခဲသောအချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရ သော်လည်း အဆွေတော်နှင့် မိမိတို့အကြား ကောင်းမွန်သော ထိတွေ့ဆက်ဆံမှုများနှင့် ဆွေးနွေးမှုများကို ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ အဆွေတော်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံရသည့်အတွက် မိမိအနေဖြင့် များစွာဝမ်းမြောက်ပါကြောင်းနှင့် အဆွေတော်၏သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမှုအပေါ်တွင်လည်း မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူသည်ကို ပြောကြားလိုပါကြောင်း၊ အဆွေတော် ဆက်လက်တာဝန်ထမ်းဆောင်မည့် ကာလများတွင်လည်း အောင်မြင်မှုများကိုရရှိပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ အဆွေတော်နှင့် ကိုယ်စားလှယ်အဖွဲ့ကို အိန္ဒိယနိုင်ငံကလှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်ကို ထပ်လောင်းပြောကြားလိုကြောင်း၊ ယနေ့တွင် အဆွေတော်အနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေး မြို့တော် နယူးဒေလီသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ရောက်ရှိနေစဉ်ကာလအတွင်း အဆွေတော်အနေဖြင့် မိမိတို့အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ထိတွေ့ ဆက်ဆံမှုများမှတစ်ဆင့် ကောင်းကျိုးရလဒ်များရရှိအောင် ဆွေးနွေးနိုင်မည်ဖြစ်ပြီး ထူးခြားသည့် ခရီးစဉ်တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယခုကဲ့သို့ အဆွေတော်နှင့် ၆ ကြိမ်မြောက် ထပ်မံတွေ့ဆုံ ဆွေးနွေးခွင့်ရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး နောက် အဆွေတော်၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးပြည်ပ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက် ရသည့်အတွက် လွန်စွာအလေးထားပါကြောင်းနှင့် မိမိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နွေးထွေး ပျူငှာစွာ ကြိုဆိုသည့်အတွက်လည်း ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ အဆွေတော် အိန္ဒိယနိုင်ငံကို တာဝန်ယူသည့် ၂၀၁၄ ခုနှစ်မှစပြီး ၁၂ နှစ် တာ ဝန်ကြီးချုပ်သက်တမ်းကာလအတွင်း အိန္ဒိယနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် အဆွေတော်၏ဦးဆောင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည့် အဆွေတော်၏ စွမ်းဆောင်မှု အပေါ် ချီးကျူးဂုဏ်ပြုလိုပါကြောင်း၊ မိမိအနေဖြင့် အဆွေတော်နှင့်အတူ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြား ရှိရင်းစွဲကောင်းမွန်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင် ခဲ့သည့်အတွက် အဆွေတော်ကို ကျေးဇူးတင်အသိ အမှတ်ပြုအပ်သည်ကို ပြောကြားလိုပါကြောင်း၊ မိမိသမ္မတတာဝန် စတင် ထမ်းဆောင်မှုကျမ်းသစ္စာကျိန်ဆိုပွဲကို အဆွေတော်ထံမှဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့မှုနှင့် အခမ်းအနား တက်ရောက်ရန် ကိုယ်စားလှယ်စေလွှတ်ပေးခဲ့မှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များစွာရှိပါကြောင်း၊ မြန်မာနိုင်ငံ တွင် ၂၀၂၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ချိန်တွင် အဆွေတော် တို့နိုင်ငံမှ ကူညီမှုများဆောင်ရွက်ပေးခဲ့မှုအပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ “အိန္ဒိယနိုင်ငံသည် ကမ္ဘာကြီးဖွံ့ဖြိုး တိုးတက်မှုအတွက် မောင်းနှင်အားတစ်ခုဖြစ်လာမည်”ဟု အဆွေတော်ပြောကြားခဲ့သကဲ့သို့ မိမိတို့အနေဖြင့် တိုးတက်လာလျက်ရှိသည့် အိန္ဒိယနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ပြန်လည် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသစွာဖြင့် အတူယှဉ်တွဲ နေထိုင်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ဆေးဝါးများ၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများ၊ ချည်မျှင်နှင့် အထည်အလိပ်များ တိုးမြှင့်တင်သွင်းနိုင်သည့် အခြေအနေ များ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ(AI)ကဏ္ဍနှင့် အာကာသနည်းပညာကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ နှိမ်နင်းရေးတို့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေ ဖြင့် တရားမျှတပြီး သိက္ခာရှိသည့်ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော်မည့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော် များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင် မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ အနာဂတ်ကာလများတွင် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ဘုံအကျိုးဖြစ်ထွန်းစေမည့် ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

ဂုဏ်ပြုနေ့လယ်စာမသုံးဆောင်မီနှင့် သုံးဆောင် နေစဉ်အတွင်း အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုအဖွဲ့က နှစ်နိုင်ငံရိုးရာ တေးသီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေ တင်ဆက်ကြသည်။

 

ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး (Hyderabad House) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး (Hyderabad House)မှ ပြန်လည်ထွက်ခွာရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်