နေပြည်တော် ဇွန် ၁
အိန္ဒိယသမ္မတနိုင်ငံ၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ ညနေပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu နှင့် ၎င်း၏သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတအား အိန္ဒိယသမ္မတနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး တွေ့ဆုံ ဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ မြန်မာကိုယ်စား လှယ်အဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြပြီး အိန္ဒိယသမ္မတ နိုင်ငံ သမ္မတနှင့်အတူ အိန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံ အစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေးလျက်ရှိမှု၊ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများသတ်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက် သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်စေရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်များ အပြန်အလှန် ထိန်းသိမ်းရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ အကြား မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု အခြေအနေများ၊ အမျိုးသမီးများကဏ္ဍ မြှင့်တင်ရေးအတွက် အတွေ့အကြုံများမျှဝေနိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


