ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် (National People’s Congress - NPC) ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇွန် ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက် (National People’s Congress - NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိနှင့် The Great Hall of the People ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌက အဆွေတော်နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်မှုအပေါ် လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့် သံတမန် ဆက်ဆံမှု (၇၆)နှစ်မြောက်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့်အညီ နေထိုင်လျက်ရှိကြောင်း၊ ယခင်နှစ်က အဆွေတော်သမ္မတကြီးနှင့် မိမိတို့ တရုတ်နိုင်ငံ သမ္မတကြီးတို့အနေဖြင့် နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အရေးပါသည့် သဘောတူညီချက်များ ရရှိခဲ့ကြကြောင်း၊ ယနေ့နံနက်ပိုင်းတွင်လည်း ထပ်မံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အနာဂတ်လမ်းပြပေးနိုင်မည့် အရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုများနှင့် သဘောတူညီ မှုများကို ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား သဘော တူညီချက်များနှင့် အညီ အပြန်အလှန်အကျိုးဖြစ်ထွန်းစေနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားလို ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးဖြစ်ထွန်းစေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ထောင်စု လွှတ်တော်ကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် လွှတ်တော်ဥက္ကဋ္ဌကြီး များနှင့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း တရုတ်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်များ လာရောက်ရန် ဖိတ်ခေါ်လိုပါကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရသစ်၏ ဦးဆောင်မှုနှင့်အတူ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများစွာ မလွဲမသွေဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ဦးစွာဆွေးနွေး ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ အဆွေတော်နှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံလွှတ်တော်နှစ်ရပ်ဥက္ကဋ္ဌသစ်များထံသို့ အဆွေတော်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည့်အတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီး ဖြစ်ပေါ်ကြုံတွေ့ခဲ့ရချိန်တွင် တရုတ်နိုင်ငံက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အစောဆုံးပေးအပ်ခဲ့ပြီး ပမာဏအများဆုံး ထောက်ပံ့ပေးခဲ့သည့်အတွက် အမြဲတန်ဖိုးထား လျက်ရှိပါကြောင်း၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် မြန်မာ့လွှတ်တော်များအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားလိုပါကြောင်း၊ ယခုအချိန်တွင် ပြည်သူများက ရွေးကောက်တင်မြှောက်ထား သည့် လွှတ်တော်များလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်သဖြင့် မြန်မာလွှတ်တော်အမတ်များကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ စေလွှတ်သွားလိုပြီး အဆိုပါလေ့လာရေးခရီးစဉ်များမှတစ်ဆင့် ဥပဒေပြုရေး လုပ်ငန်းစဉ်များ၊ လွှတ်တော်အုပ်ချုပ်မှုနှင့် ပြည်သူ့ကိုယ်စားပြုမှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် အတွေ့အကြုံဖလှယ်မှုများ ပြုလုပ်နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်များအကြား ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မိမိတို့လွှတ်တော်များ အကြား ဆက်ဆံမှု ပိုမိုနက်ရှိုင်းလာစေရန် မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံအတွက် အစဉ်အမြဲအားကိုးရသည့် အိမ်နီးချင်းကောင်းဖြစ်သည့်အပြင် “မိတ်ဆွေစစ်”လည်း ဖြစ်ပါကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အကျိုးအတွက် ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ရှေ့လုပ်ငန်းစဉ် များ အဆင်ပြေချောမွေ့စေရန် ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌတို့သည် နှစ်နိုင်ငံလွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိသည့် အခြေအနေ များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌတို့သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


