နေပြည်တော် အောက်တိုဘာ ၄

 

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတောလုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်၊ ပြည်ထောင်စု ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ပညာရှင်၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမ များ၊ မြို့မိ မြို့ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား ကျောင်းသူဟောင်းများ တက် ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လှိုက်လှဲနွေးထွေး စွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် အခမ်းအနားအစီ အစဉ်ပထမပိုင်းကို စတင်ကျင်းပပြုလုပ်ရာ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ သမ္မတရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချောချောစိန်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် မော်ကွန်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။ ဆက်လက်၍ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်နှင့် တက်ရောက်လာကြသူများက မန္တလေး တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် မော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည် များဖြင့် ဆက်လက်ပက်ဖျန်း ပေးကြသည်။

 

မှတ်တမ်းတင်ဓာတ်ပုံရိုက်

ထို့နောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများ၊ ပါမောက္ခချုပ်များသည် မန္တလေး တက္ကသိုလ် ပင်မဆောင် ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် မန္တလေးငလျင်ကြီး လှုပ်ခတ်စဉ် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရသည့် တက္ကသိုလ်ပင်မ ဆောင်ကြီးအား ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ခင်းကျင်းပြသထားသည့် တက္ကသိုလ်တွင် တာဝန်ထမ်း ဆောင်ခဲ့သော တက္ကသိုလ်အဓိပတိ များနှင့် ပါမောက္ခချုပ်များ၊ ခေတ် အဆက်ဆက် ပေါ်ထွန်းခဲ့သည့် အထင်ကရပုဂ္ဂိုလ်များ၏ မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုသည်။

 

ဆက်လက်၍ အခမ်းအနားအစီ အစဉ် ဒုတိယပိုင်းကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေး တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက “မန္တလေး တက္ကသိုလ်ရာပြည့်သဘင်” Theme Song ဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ရွှေရတု နှစ်ဆက်တိုင်တိုင် အဓွန့်ရှည်ကြာတည်တံ့

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာတွင် “မန္တလေးတက္ကသိုလ်” သည် ဂုဏ်သိက္ခာမြင့်မားခြင်း၊ တင့်တယ် ခမ်းနားခြင်း၊ သမိုင်းအစဉ်အလာ ကောင်းမွန်ခြင်း၊ ပညာဂုဏ် သတင်းကျော်ကြားခြင်း၊ ထူးချွန်ထက်မြက်သည့် ထူးချွန်ပညာတတ် မောင်မယ်များ မွေးထုတ်နိုင်ခြင်း စသည့်ဂုဏ်ဒြပ်များနှင့် ပြည့်စုံပြီး “ပညာဖြန့်ဝေရာ တက္ကသီလာ” အဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည်မှာ ယခုဆိုပါက နှစ်ပေါင်း (၁၀၀)တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွှေရတု နှစ်ဆက်တိုင်တိုင် အဓွန့်ရှည်ကြာတည်တံ့လာခဲ့သည့် မန္တလေးတက္ကသိုလ်ကြီးအတွက် ဂုဏ်ပြုဂုဏ်ယူပါကြောင်း၊ ထို့ကြောင့်လည်း “ရာပြည့်သဘင်” အခမ်းအနားကြီးကို ယခုကဲ့သို့ တခမ်းတနား ကျင်းပခြင်းပင် ဖြစ်ကြောင်း။

 

မန္တလေးမြို့သည့် ရှေးမြန်မာမင်းများ ထီးနန်းစိုက်ရာ မင်းနေပြည်တော်ဖြစ်ခဲ့သည့်အတွက် နန်းတွင်းဓလေ့ ထုံးတမ်းအစဉ်အလာများ၊ သမိုင်းဝင်အနုပညာ လက်ရာများနှင့် ထုံမွှမ်းနေသကဲ့သို့ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့သည့် သမိုင်းဂုဏ်‌ရောင် ထွန်းပြောင်သည့် ဒေသလည်း ဖြစ်ကြောင်း၊ မန္တလေးမြို့၏ ဂုဏ်ကျက်သရေကို ခံ့ညားထည်ဝါအောင် ဂုဏ်ဆောင်ပေးနေသည့် အထင်ကရ အမှတ်သင်္ကေတများ တွင် “မန္တလေးတက္ကသိုလ်” သည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း။

 

မန္တလေးတက္ကသိုလ်၏ ကနဦးအစဖြစ်သည့် မန္တလေးဥပစာ ကောလိပ်ကို ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် လက်အောက်ခံအဖြစ် သန္ဓေတည်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ်မှာ မန္တလေး ယူနီဗာစီတီ ကောလိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ၁၉၅၈ ခုနှစ် ဇွန် ၁ရက်တွင် မန္တလေးတက္ကသိုလ် ကို သီးခြားတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊

 

မန္တလေးတက္ကသိုလ်ကို စိုက်ပျိုး ရေးမဟာဌာန၊ ဆေးပညာမဟာ ဌာန၊ သိပ္ပံမဟာဌာန၊ ဝိဇ္ဇာမဟာ ဌာနစသည့် မဟာဌာနကြီးလေးခု ဖြင့်ဖွဲ့စည်းခဲ့ပြီး လက်အောက်ခံ ကောလိပ်များ ဖွင့်လှစ်ခဲ့သည့် အပြင် ဂုဏ်ထူးတန်းနှင့် မဟာတန်း များအထိ ပို့ချပေးခဲ့ကြောင်း။

 

 

၁၉၆၄ ခုနှစ် တက္ကသိုလ်ပညာ ရေးအက်ဥပဒေအရ တက္ကသိုလ်နှင့် ကောလိပ်များကို “ဝိဇ္ဇာနှင့် သိပ္ပံပညာရေးဆိုင်ရာ တက္ကသိုလ်” နှင့် “အသက်မွေးဝမ်းကျောင်း ဆိုင်ရာတက္ကသိုလ်” ဟူ၍နှစ်မျိုး ခွဲပြီး ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ မန္တလေးတက္ကသိုလ်၏ ဌာနကြီးလေးခုအနက် ဆေးသိပ္ပံမဟာဌာန သည် “မန္တလေးဆေးတက္ကသိုလ်” ဖြစ်လာပြီး စိုက်ပျိုးရေးမဟာဌာနသည် “မန္တလေးစိုက်ပျိုးရေး တက္ကသိုလ်” ဖြစ်လာခဲ့ကြောင်း၊ ကျန်သည့် သိပ္ပံမဟာဌာနနှင့် ဝိဇ္ဇာမဟာဌာနတို့ကို ပေါင်း၍ “မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်” အဖြစ် ဖွင့်လှစ်ခဲ့ပြီး MASU (မာဇူး) ဟုလည်း အမည်တွင်ကျယ်ခဲ့ကြောင်း၊ ၁၉၈၁ ခုနှစ်၌မူ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို မူလအမည်ဖြစ်သည့် “မန္တလေး တက္ကသိုလ်”ဟု ပြန်လည်ပြောင်းလဲခဲ့ပြီး ယနေ့ထိတိုင်ဝင့်ကြွား ထည်ဝါစွာ ရပ်တည်လာခဲ့ခြင်း ဖြစ်ကြောင်း။

 

လွန်စွာဂုဏ်ယူစရာဖြစ်

မန္တလေး တက္ကသိုလ်ကြီး၏ သမိုင်းကြောင်း အစဉ်အလာကောင်းမွန်မှု၊ ပညာရေးအုတ်မြစ် ခိုင်မာမှု၊ အရည်အသွေးပြည့်ဝမှု၊ အရင်းအမြစ် ကောင်းများနှင့် ဖွဲ့စည်းထားမှုများကြောင့် ရာစုနှစ်တစ်ခု အတွင်းတွင် ပါရဂူဘွဲ့ရရှိသူ ၂၉၆၀၊ မဟာဘွဲ့ရရှိသူ ၁၁၁၃၉ ဦး၊ မဟာသုတေသနဘွဲ့ရရှိသူ ၁၆၀၇ ဦး၊ ဂုဏ်ထူးဘွဲ့ရရှိသူ ၉၁၇၂ ဦး၊ မဟာဒဿနဘွဲ့ရရှိသူ ၂၃၉ ဦး၊ ရိုးရိုးဘွဲ့ရရှိသူ ၉၆၀၁၂ ဦးနှင့် ဒီပလိုမာရရှိသူ ၇၀၆၀ တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်ကို ဂုဏ်ယူဖွယ်ရာတွေ့ရကြောင်း၊ မန္တလေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် ဝိဇ္ဇာသိပ္ပံဘွဲ့ရများ အနေဖြင့် စာပေပညာရှင်၊ အသိ ပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် ထင်ရှားကျော်ကြားသည့် လုပ်ငန်း ရှင်များ၊ ကျွမ်းကျင်ပညာရှင်များအဖြစ် နိုင်ငံတော်ကို ကျေးဇူး တုံ့ပြန် လုပ်ကျွေးပြုစုနေကြသည် မှာလည်း လွန်စွာဂုဏ်ယူစရာဖြစ်ကြောင်း။

 

တက္ကသိုလ်ဆိုသည်မှာ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရာ ဘူမိနက်သန်ဖြစ်သကဲ့သို့ ဆန်းသစ်တီထွင်သည့် နည်းပညာအခြေပြု သုတေသနများ အစပြု ဖော်ဆောင်ရာနေရာလည်း ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေး အတွက် ဦးတည်ဆောင်ရွက်လျက် ရှိရာတွင် အရည်အသွေးပြည့်ဝသည့် အရင်းအမြစ်များ မွေးထုတ်ရာ တက္ကသိုလ်များနှင့် ကောလိပ်များ၊ သိပ္ပံများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း။

 

ထို့ကြောင့် တက္ကသိုလ်များတွင် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်များ၊ ခေတ်မီဘာသာရပ်များကို ထည့်သွင်း သင်ကြားရုံဖြင့် မလုံလောက်ဘဲ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် “သုတေသန”များ ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုတေသနကျမ်းများ ပြုစုရာတွင်ဖြစ်စေ၊ သင်ကြားသင် ယူရာတွင်ဖြစ်စေ စာကြည့်တိုက် အခြေပြု လေ့လာမှုအားကောင်း စေရေး ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းမှာကြားလိုကြောင်း။

 

တက္ကသိုလ်တစ်ခု ရေရှည် တည်မြဲရန်ဆိုသည်မှာ ပါမောက္ခချုပ်များ၏ ကောင်းမွန်သည့် စီမံ ခန့်ခွဲမှု၊ ဆရာ ဆရာမများ၏ ကိုယ်တိုင်ကျွမ်းကျင် တတ်မြောက်မှု၊ သင်ကြားမှုဆိုင်ရာ အရည် အသွေးပြည့်ဝမှု၊ ကျောင်းသားများ၏ အမိတက္ကသိုလ်အပေါ် မြတ်နိုးတန်ဖိုးထားတတ်မှုနှင့် စိတ်ဓာတ်ကောင်းမွန် ရင့်ကျက်စေမှု၊ ဝန်ထမ်းများ၏ စိတ်စေတနာ ကောင်းများနှင့် စွမ်းဆောင်ရည် မြင့်မားမှုများအပေါ် မူတည် ကြောင်း၊ ထိုကဲ့သို့ ကဏ္ဍအသီးသီးမှ အစဉ်တစိုက် ကြိုးပမ်းစွမ်းဆောင် ခဲ့ကြသည့်အတွက် မန္တလေး တက္ကသိုလ်ကြီးသည် ကြီးမြတ်သည့်ဂုဏ်ပုဒ်ဖြင့် နှစ်(၁၀၀)တိုင် ရပ်တည်နိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကျောင်းတော်ကြီးအဖြစ် ဂုဏ်ယူဖွယ်ရာမော်ကွန်း တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း။

 

ခင်းကျင်းပြသသွားမည်

ယင်းကို ဂုဏ်ပြုသည့်အနေဖြင့် မန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲကို ခမ်းခမ်းနားနားကျင်းပမည်ဖြစ်ပြီး ရာပြည့်သဘင်အထိမ်း အမှတ်အနေဖြင့် မန္တလေး တက္ကသိုလ် ဖြစ်ပေါ်တိုးတက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံပြပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ သုတေသန ပိုစတာပြပွဲများကို ခင်းကျင်းပြသသွားမည်ဟု သိရကြောင်း။

 

ယခုကဲ့သို့ တက္ကသိုလ်များတွင် ရတုအဆက်ဆက် ပညာအမွေပေးနိုင်ရန် အစိုးရမှာသာမက သက်ဆိုင်သူအားလုံးနှင့် ပြည်သူတစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း၊ အဓိကမှာ တိုင်းပြည် တည်ငြိမ် အေးချမ်းရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းပြီး အဖျက် အမှောင့်များ ကင်းဝေးမှသာ ပညာကို အေးချမ်းစွာသင်ယူနိုင် မည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာရှိမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု တစ်ရပ်လုံး ပညာတတ်ရန်၊ နိုင်ငံရေးအသိရှိရန် လိုကြောင်း။

 

နိုင်ငံတော်အနေဖြင့် ပညာရေးနှင့် ကျန်းမာရေး၏အရေးပါမှုကို အလေးထားပြီး နိုင်ငံတော်၏ ဦးတည်ချက်(၄)ရပ်တွင် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေး ထားမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို ထည့်သွင်းထားသကဲ့သို့ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ဘက်ပေါင်းစုံက ရင်းနှီးမြှုပ်နှံ အားပေးပံ့ပိုးပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး ပညာရည် မြင့်မားလာစေရန် နိုင်ငံသားတိုင်း အခြေခံပညာ အလယ်တန်း KG+9 အထိ ပြီးမြောက်စေရေး မိမိတို့အစိုးရ အနေဖြင့် မူဝါဒချမှတ်အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။

 

ယနေ့ နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ နိုင်ငံတကာတွင် ဉာဏ်ရည်တု AI နည်းပညာကို နယ်ပယ်စုံတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တက္ကသိုလ်များ ကလည်း သင်ကြားသင်ယူမှုတွင် နည်းပညာ (Technology) နှင့်အတူ (AI) ပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင် ရေးအတွက် ပညာရှင်များက ကြိုးပမ်းဆောင်ရွက်ကြရန် တိုက် တွန်းမှာကြားလိုကြောင်း၊ နိုင်ငံ တကာနှင့် ရင်ပေါင်တန်းနိုင်သည့် လူသားအရင်းအမြစ်များ၊ ပညာ တတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်သူများ၊ ပါရဂူများကို မွေးထုတ်ပေးပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားအားထုတ်ကြရန် အလေးအနက် တိုက်တွန်း ပြောကြားလိုကြောင်း။

 

ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်

နိုင်ငံတော်အတွက် လိုအပ်သည့် ပညာတတ်လူ့စွမ်းအား အရင်းအမြစ်များကို နှစ်(၁၀၀)တိုင် စဉ်ဆက်မပြတ် မွေးထုတ်ပေးခဲ့သည့် မန္တလေးတက္ကသိုလ်၏ တာဝန်ကျေပွန်မှုနှင့် အစဉ်အလာ ကောင်းများကို လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ နောင်ရာစုနှစ်များစွာ တွင်လည်း နိုင်ငံတွင်းငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဖော်ဆောင်နိုင်ပြီး ကမ္ဘာ့အဖွဲ့ အစည်းအသီးသီးနှင့် လက်တွဲဆောင်ရွက်နိုင်သည့် ပညာတတ် လူကောင်းလူတော်၊ ဗလငါးတန် ပြည့်ဝသည့် လူငယ်များကို ဆက်လက်မွေးထုတ်ပေးကြပါဟု တိုက်တွန်းလိုကြောင်း၊ မကြာမီ ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီး ပိုမိုပညာရည်ပြည့်ဝသော၊ ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံ တည်ဆောက်နိုင်ရေး ကျရာကဏ္ဍ အသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားလို ကြောင်း ပြောကြားသည်။

 

ယင်းနောက် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသသည်။ ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌထံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မန္တလေး တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် လက်ဆောင်အား နေရာအရောက် ဂါရဝပြုပေးအပ်သည်။

 

ထို့နောက် မန္တလေးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက “ဥဒါန်းတွင်ဆို မန်းတက္ကသိုလ်” သီချင်းဖြင့် လည်းကောင်း၊ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်မှ “ရာပြည့်မှသည် ကမ္ဘာတည်သရွေ့” သီချင်းဖြင့် လည်းကောင်း သီဆိုကပြဖျော်ဖြေ ကြသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကြီးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူသည်။

 

ဆက်လက်၍ ဖျော်ဖြေတင် ဆက်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဂုဏ်ပြုပန်း ခြင်းပေးအပ်ပြီး အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘွဲ့နှင်း သဘင်ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် မန္တလေး တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား အထိမ်းအမှတ်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက်နှင့် ပညာရပ် ဆိုင်ရာ သုတေသနစာတမ်းပိုစတာများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှု ကြသည်။

 

 

ယင်းနောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့ မြို့မတေးဂီတ အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။ မန္တလေးတက္ကသိုလ်ကြီး၏ နှစ် (၁၀၀)ပြည့် ရာပြည့်သဘင်အား “ရွှေနှစ် ၁၀၀ ထူးချွန်မှု၊ ဆန်းသစ်တီထွင် ဦးဆောင်ပြု၊ စိတ်ဉာဏ် စွမ်းအားတိုးမြှင့်ထား၊ အနာဂတ် ကိုပုံဖော်ထား”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်