ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

 

( ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက် )

 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

 

ယနေ့အချိန်အခါသမယသည် ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများကို ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ်ဖြစ်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားထုကြီးတစ်ရပ်လုံးနှင့်အတူ ပြည်ပနိုင်ငံများတွင် အလုပ် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် မိဘ ပြည်သူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ သမိုင်းကြောင်းကို ကြည့်လျှင် အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းလာခဲ့ပြီးမှ အလုပ်သမားများ၏ အခွင့်အရေး ရပိုင်ခွင့်များ ရရှိလာသည့် တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည့်အတွက် ၁၈၈၉ ခုနှစ်၊ မေလ (၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဟု သတ်မှတ်ခဲ့ပြီး ၁၈၉၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့မှစတင်၍ ကမ္ဘာတစ်ဝန်းတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားများ ကျင်းပခဲ့ရာ မြန်မာနိုင်ငံသည် ၁၉၃၈ ခုနှစ်၊ မေလ (၁) ရက်နေ့မှ စတင်၍ နှစ်စဉ်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကျင်းပခဲ့ပါသည်။

 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားမှု၊ ဝန်ဆောင်မှု အရည်အသွေး တိုးတက်မြင့်မားမှုတို့အပေါ် တည်မှီနေသည့်အတွက် ကာယအား၊ ဉာဏအားဖြင့် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ဖန်တီးဖော်ဆောင် လျက်ရှိသော အလုပ်သမားအင်အားထုကြီးကို ကာကွယ်စောင့်ရှောက် နိုင်ရေး၊ အလုပ်သမားများ အကျိုးခံစားခွင့်များ ရရှိစေရေးနှင့် လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ အလုပ်ရှင်နှင့် အလုပ်သမားများ အကြား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

နိုင်ငံတော်အစိုးရသည် အလုပ်သမားကြီးများ၏ အကျိုးစီးပွားကို အလေးထား ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ (၂၀၀၈ ခုနှစ်) ပုဒ်မ(၂၄)တွင်                   နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေး များ ကာကွယ် စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည် ဟူ၍လည်းကောင်း၊ ပုဒ်မ(၃၁)တွင် “နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ရမည် ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားရှိပါသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အလုပ်သမားများ၏ လူမှုဘဝကို မြှင့်တင်ပြီး နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး ကို စီးပွားရေးဦးတည်ချက်တစ်ရပ်အဖြစ် ထည့်သွင်းခဲ့ပြီး ယင်းဦးတည် ချက်အောင်မြင်စွာ ဆောင်ရွက်ဖော်ဆောင်နိုင်ရေးသည် အလုပ်သမား စွမ်းအားစုကြီးအပေါ် များစွာမူတည်လျက်ရှိပါသည်။

 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

 

နိုင်ငံတော်အစိုးရသည် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေး၊ သွင်းကုန်တင်သွင်းသည့် နိုင်ငံအဖြစ်မှ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာစေရေး၊ အခြေခံပညာ ကဏ္ဍ မြှင့်တင်နိုင်ရေး၊ အရည်အချင်း ပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ အရည်အသွေးရှိသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင် ရေး၊ ကျေးလက်ဒေသတွင် သက်မွေးဝမ်းကျောင်း သင်တန်းများပေးနိုင်ရေး၊ MSME လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် လိုအပ်သည်များ ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိက မောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထုတစ်ရပ် ပေါ်ထွန်းလာစေရေးကို မျှော်မှန်း၍ တိုးတက်လာသည့် နည်းပညာသစ်များနှင့်အညီ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ကို ဖွဲ့စည်းပြီးကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးလုပ်ငန်းစဉ် များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

 

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင်နိုင်ရေးတို့အတွက် လုပ်သားအင်အားအခြေပြု ဆောင်ရွက်ရသည့် အထည်ချုပ် လုပ်ငန်းများ အပါအဝင် စက်ရုံ၊ အလုပ်ရုံများ စဉ်ဆက်မပြတ် လုပ်ငန်းလည်ပတ် လုပ်ကိုင်နိုင်ရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် လက်တွဲကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်ကြမ်းယူကုန်ချောပေး လက်ခစားလုပ်ငန်းများ (Cutting Making Packaging-CMP) ကို နိုင်ငံခြားကုမ္ပဏီများနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များအား ဆောင်ရွက်ခွင့်ပြုခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးခြင်း များ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေ နှင့်အညီ ရပိုင်ခွင့်များ ရရှိနိုင်ရေးအတွက် မြန်မာအလုပ်သမား အများဆုံးသွားရောက် အလုပ်လုပ်ကိုင်သည့် ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်အပ်ထားရှိသည့်အပြင် နိုင်ငံတကာရှိ မြန်မာသံရုံးများကလည်း လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိပါသည်။

 

အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ကြား ဆက်ဆံရေးကောင်းမွန်စေရန်၊ အလုပ်သမားအဖွဲ့အစည်းများ စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး၊ လူမှုဖူလုံရေးအပါအဝင် အခြားအကျိုးခံစားခွင့်များ ရရှိနိုင်ရန်တို့အတွက် မြန်မာနိုင်ငံသည် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စည်းရုံးဆောင်ရွက်ခွင့်ဆိုင်ရာ ILO ပြဋ္ဌာန်းချက်အမှတ် (၈၇) ကို လက်ခံကျင့်သုံးလျက်ရှိသည့်အပြင် ၂၀၁၁ ခုနှစ်၊ အလုပ် သမားအဖွဲ့အစည်းဥပဒေအရ အလုပ်သမားအဖွဲ့အစည်း (၃၀၁၅) ဖွဲ့ နှင့် အလုပ်ရှင်အဖွဲ့အစည်း (၂၈) ဖွဲ့ကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ယင်းအဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

 

နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမား များ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အလုပ်သမားဆေးရုံကြီး (၃) ခု၊ လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီး ဆေးခန်း (၅၈) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်း၊ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း (၃၆) ခန်း၊ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) (၂) စီးတို့ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနများမှ အလုပ်သမားများအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ရပိုင်ခွင့်များ ပြည့်ဝမှန်ကန်စွာရရှိစေရေး စစ်ဆေးစည်းကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာဆွေးနွေးပွဲများကိုလည်း ပြုလုပ် ပေးလျက် ရှိပါသည်။

 

ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးအားဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန်၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများကို ထိရောက် စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများကို သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိနိုင်ရန်နှင့် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရန် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

 

အလုပ်ရှင် အလုပ်သမားများအကြား လုပ်ငန်းခွင်အတွင်း ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခြင်းဖြင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အလေ့အထအားကောင်းလာခြင်း၊ ကောင်းမွန် သော လုပ်ငန်းခွင်ဆိုင်ရာ ရလဒ်များရရှိနိုင်ခြင်း၊ အငြင်းပွားမှုများ လျော့ကျနိုင်ခြင်း၊ လုပ်ငန်းခွင်အတွင်း အပြန်အလှန် ယုံကြည်မှု တိုးတက်ခြင်းတို့အတွက် ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့နှင့် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့များ ဖွဲ့စည်း၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။

 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

 

မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် ရေမြေရာသီဥတု အခြေခံသဘာဝတရားများကို အသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ဆောင်ရွက်ကြရမည့် အချိန်အခါသမယဖြစ်ပါ သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူ များ၏ အကျိုးကိုရှေးရှုပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ ဟူသည့် ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် လူမှုစီးပွား ဘဝကို တည်ဆောက်လျက်ရှိပါသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံးအကျိုးကိုရှေးရှုပြီး လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင် သဘာဝမှ ပေးထားသည့် ကောင်းမွန်သော အရင်းအမြစ်များစွာရှိပြီးဖြစ်သည့် အလျောက် ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် အလုပ်သမားများ၏ ကဏ္ဍကို အားကိုးအားထားပြုရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း အလေးထားအားပေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် အလုပ်သမားကြီးများက နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာ နိုင်မည်ဖြစ်သည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများ တွင်ပါ တစ်ပြိုင်တည်း တိုးတက်လာနိုင်မည်ဖြစ်ပါသည်။

 

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေး၊ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်ပေါင်းစုံမှ ဦးတည်ချက်များချမှတ်၍ မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အဓိကအင်အားစုဖြစ်သော အလုပ်သမား ထုကြီးက ရင်းနှီးချစ်ကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ အထောက် အကူပြုမည်ဖြစ်ပါကြောင်းနှင့် အလုပ်သမားကြီးများ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုပြီး အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့ကို ဂုဏ်ပြုလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။