ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ 

နေပြည်တော် ၂၇ ဇူလိုင်


ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီးပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် မြန်မာနိုင်ငံအတွင်း သမိုင်းအစဉ်အဆက် မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို တစ်နေရာတည်း၌ တစ်စုတစ်စည်းထဲ ထင်ရှားပေါ်လွင်စွာ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓါတ်ခိုင်မာစေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ တည်ဆောက်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ 


နိုင်ငံအကြီးအကဲများက တိုင်းရင်းသားကျေးရွာ ထူထောင်ခြင်း၏ မူလရည်ရွယ် ချက်မပပျောက်စေရန် ကလေးများ၊ အမျိုးသား အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအတွက် အပန်းဖြေရန် သီးသန့်နေရာများ စီစဉ်ပေးသကဲ့သို့ မသန်စွမ်းသူများ၊ အမြင်အာရုံချို့တဲ့သူများအတွက်လည်း စီစဉ်ပေးရန်နှင့် အမြန်ပြီးစီးနိုင်မည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်၍ ပြီးစီးမှုအခြေအနေများကို ပြည်သူများသိရှိအောင် ကြေညာပေးရန် မှာကြားခဲ့ပါကြောင်း၊ ထို့ပြင် ဝင်ငွေပိုမိုတိုးတက်ရရှိရေးထက် တိုင်းရင်းသားကျေးရွာ၏ မူလရည်ရွယ်ချက်ဖြစ်သည့်  ပြည်ထောင်စုစိတ်ဓါတ်ပိုမိုတိုးတက်ရေးကို အလေးပေးဆောင်ရွက်သွားရန် မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအဆင့်မြှင့်တင်ရေး ဆောင်ရွက်မည့် Master Plan သည် မူလရည်ရွယ်ချက်ကို အထောက်အကူပြုရန်  လိုအပ်မည် ဖြစ်ပါကြောင်း။


ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားအားလုံး၏ မူလပြယုဂ်ဖြစ်သည်နှင့်အညီ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို မြန်မာတွင်သာမက တစ်ကမ္ဘာလုံးသိရှိနိုင်အောင် ထုတ်ဖော်ပြသနိုင်မည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအတွင်း၌ တိုင်းရင်းသားရိုးရာ တူရိယာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို ဒီထက်မက စုံလင်စွာပြသနိုင်ပါက တစ်ဖက်တွင် ရိုးရာယဉ်ကျေးမှုကို ရေရှည်ထိန်းသိမ်းထားနိုင်ခြင်း အကျိုးကျေးဇူး ရရှိသည့်အပြင် အခြားတစ်ဖက်တွင်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် လည်ပတ်စရာ ခရီးစဉ်တစ်ခု တိုးလာမည်ဖြစ်ပါကြောင်း။


ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ရေရှည်တည်တံ့ရန်နှင့် ဖွဲ့ဖြိုးတိုးတက်ရန် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းပြောကြား လိုပါကြောင်း။


ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ယခုပြသထားသည့် တိုင်းရင်းသား မျိုးနွယ်စု ၈ မျိုးနှင့် ဆလုံတိုင်းရင်းသား ပြခန်းများအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများမှ တိုင်းရင်းသားများ၏ ပြခန်းများ တိုးချဲ့ပြသနိုင်ရန် စဉ်းစားဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ပြတိုက်ကိုလည်း ခေတ်မီနည်းပညာများကို အသုံးပြုပြီး ခင်းကျင်းမှုများကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၏ ရည်ရွယ်ချက်ကို မပျောက်ပျက်စေဘဲ အများပြည်သူ လေ့လာအပန်းဖြေရာ နေရာသာမက ကမ္ဘာလှည့်ခရီးသွားများအတွက်ပါ လေ့လာနိုင်သည့် နေရာဖြစ်လာစေရန် ကြွရောက်လာ ကြသည့်  တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် ဧည့်သည်တော်များအားလုံးက ကောင်းမွန်သည့် အကြံဉာဏ်များ ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးဥက္ကဋ္ဌများနှင့် ဧည့်သည်တော်များက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးဆွေးတင်ပြကြသည်။ 


ထို့နောက် ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ 


အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်