ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ  ၂၇

ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနကြီးမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၂၀၅ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကို အဆင့်မြင့်ပညာများ သင်ကြား လေ့ကျင့်ပေးပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြမည့် ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ကို တည်ထောင်ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အထိ မဟာပညာရေးဘွဲ့ ၁၃၁ ဦး၊ မဟာဒဿန ဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄,၃၈၁ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ်သင် ၉၅၆ ဦး၊ မူလတန်း ဆရာအတတ်သင် ၇,၁၆၂ ဦး၊ အထူးမူလတန်း ဆရာအတတ်သင် ၄၆၁ ဦး စုစုပေါင်း ဘွဲ့ရပညာတတ် တိုင်းရင်းသားလူငယ် ၁၄,၀၅၈ ဦးတို့ကို တက္ကသိုလ်က မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပညာရည်မြင့်မားသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်သည့်အတွက် မိမိတို့ လေ့ကျင့်သင်ကြားပေးရမည့် ကျောင်းသားလူငယ်များကိုလည်း ပညာရည်မြင့်မားပြီး နိုင်ငံတော်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလုပ်အကျွေးပြုကြမည့်သူများ ဖြစ်အောင် အလေးထား ပြုစုပျိုးထောင်ပေးကြရန် ဖြစ်ကြောင်း၊ တပည့်များကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူ ပညာရှာမှီးနေရန်၊  အမြဲကြိုးစား အားထုတ်နေရန် လိုအပ်ကြောင်း၊ တပည့်များ၏အကျိုးကိုအစဉ်ရှေးရှုပြီး ကောင်းမွန်ရာကို လမ်းညွှန်သွန်သင်ပြသပေးနိုင်သည့် ဆရာကောင်းများကသာ အနာဂတ်ကာလများ၌ နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် အရည်အသွေး အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေး နိုင်မည်ဖြစ်ကြောင်း၊၊

သင်တန်းဆင်း မောင်မယ်တို့အနေဖြင့် ဆရာ၊ ဆရာများအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြတော့မည် ဖြစ်သဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးကြမည့် ခေါင်းဆောင်ငယ်များအဖြစ်လည်းကောင်း၊ စိတ်ဓာတ်ကောင်းသော၊ စည်းကမ်းကောင်းသော၊ စည်းမျဉ်းစည်းကမ်းနှင့်  ကျင့်ဝတ်လိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ အဖြစ်လည်းကောင်း ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း၊ အထူးအလေးထား မှာကြားလိုသည်မှာ ဒို့တာဝန်အရေး ၃ ပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားအားလုံး၏ စိတ်ထဲတွင် ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ကိန်းအောင်းရှင်သန်နေစေရေး စည်းရုံးဆောင်ရွက်ပေးကြရန်၊ မိမိတို့၏ တပည့်ကျောင်းသား လူငယ်များကိုလည်း နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန်၊ ပါတီနိုင်ငံရေး ကင်းစင်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသော ပညာရေးကဏ္ဍ တိုးတက်မြင့်မားရန်အတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန်တိုက်တွန်းမှာကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စံပြထူးချွန်ဆု၊ စာပေဘာသာ ထူးချွန်ဆု (သိပ္ပံတွဲ)၊ စာပေဘာသာ ထူးချွန်ဆု (ဝိဇ္ဇာတွဲ) ဆုရ ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာပေဘာသာထူးချွန်ဆု (ဝိပ္ပံတွဲ)၊  ဆရာအတတ်ပညာဘာသာ ထူးချွန်ဆုရ ကျောင်းသားများကိုလည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က တိုင်းရင်းသားဘာသာ၊ စာပေနှင့်ယဉ်ကျေးမှု ထူးချွန် ဆု၊ ဖွံ့ဖြိုးရေးဘာသာထူးချွန်ဆုရ ကျောင်းသားတို့ကိုလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၂၀၅  ဦးတို့ကို အလုပ်ခန့်အပ်လွှာများပေးအပ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည်    ဘွဲ့နှင်းသဘင် ဧည့်ခန်းမဆောင်၌ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားပြီး သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေးနှင့်  လေ့ကျင့်သင်ကြားရေးဆိုင်ရာအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်၍ ကျောင်းဝန်း အတွင်း  ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှု အခြေအနေ၊ အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေ၊ အသားစား ကြက်ခြံ၊ ဥစားကြက်ခြံ၊ ငါးမွေးမြူရေးကန်များနှင့် စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်