ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) A.G.T.Iဒီပလိုမာ သင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ တွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် ဝန်ကြီးဌာန ၁၈ ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ နှင့် ၎င်းတို့၏  မိသားစုဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ရေးရာဝန် ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်၍ ထိ‌ရောက်အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်များကို  ၎င်းတို့၏ နယ်စပ်ဒေသများ၌  လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့ကို တည်ထောင် ဖွင့်လှစ်ပြုစု ပျိုးထောင်လေ့ကျင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်) ကို စတင်ဖွင့်လှစ်သည့် အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၅၄၆ ဦး၊ သိပ္ပံဘွဲ့ ၁၂၉၂ ဦး၊ B.Tech ၁၃၅ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၇၄၃ ဦး စုစုပေါင်း တိုင်းရင်းသားလူငယ် ၂၇၁၆ ဦးတို့ကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အားပေးထောက်ပံ့လေ့ကျင့် သင်ကြားပေးမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားလေ့လာမှုများကြောင့် ယခုအခါ မဟာဝိဇ္ဇာဘွဲ့  ၇၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၄၆ ဦး၊ Ph.D ဘွဲ့ ၁၅ ဦး ၊ B.E ၃၀၁ ဦး၊ M.E ၁၅ ဦး၊ B.Tech ၄၅၂ ဦး  အောင်မြင်မှုရရှိခဲ့သဖြင့် အားရကျေနပ်ဖွယ် ဖြစ်ပါကြောင်းနှင့် ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူ ကြိုးစားအားထုတ် သွားကြရန် အထူးမှာကြားလိုကြောင်း၊၊ 

သင်တန်းဆင်းမောင်တို့မယ်တို့အနေဖြင့်  မိမိတို့၏ လုပ်ငန်းတာဝန်များကို  ဆောင်ရွက်ရာတွင်လည်း  လေ့လာသင်ယူ တက်မြောက်ခဲ့သည့် အင်ဂျင်နီယာပညာရပ်များကို  လက်တွေ့မြေပြင် အနေအထားများအပေါ် မူတည်ပြီး ပေါင်းစပ်၊ နှိုင်းယှဉ်သုံးသပ်၍ နိုင်ငံတော်နှင့် ပြည်သူတို့၏ အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အမြဲနှလုံးသွင်း ကြိုးစားကျင့်ကြံ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အင်ဂျင်နီယာဘာသာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသားကို ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပြီး ဝန်ကြီးဌာန ၁၈ ခုတို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၈၁ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်ကြသည်။
    
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အခမ်းအနားသို့ တက်‌ရောက်လာကြသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း‌ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းဝန်းအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် အားကစားကွင်း ပွဲကြည့်စင်၊ ဆောင်ရွက်ဆဲလေးထပ် အင်ဂျင်နီယာ အလုပ်ရုံ၊ ဒီဂရီကောလိပ်ဝန်းအတွင်း စိမ်းလန်းစိုပြေရေး၊ ငွေနှင်းမှို စိုက်ပျိုးထားရှိမှုများ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး  ကျောင်းအုပ်ကြီးက အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ခန်းမရှေ့မြက်ခင်းပြင်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေ‌ရေး အစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်