နေပြည်တော် နိုဝင်ဘာ ၂
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဒီဂရီကောလိပ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များ၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ် ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကို စတင်တည်ထောင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၆၂၀ ၊ သိပ္ပံဘွဲ့ ၁,၃၈၀ နှင့် အင်ဂျင်နီယာဒီပလိုမာ ၉၅၉ ဦး စုစုပေါင်း ၂,၉၅၉ ဦးတို့ကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေးထောက်ပံ့လေ့ကျင့်သင်ကြားပေးမှု၊ ကျောင်းသား ကျောင်းသူများ၏ စဉ်ဆက်မပြတ်ကြိုးစား အားထုတ်မှုများကြောင့် ယခုအခါတွင် မဟာဝိဇ္ဇာဘွဲ့ ၇၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၄၆ ဦး၊ M.Res ၅၅ ဦး၊ ပါရဂူဘွဲ့ ၁၅ ဦး၊ B.E ဘွဲ့ ၃၀၁ ဦး၊ M.E ဘွဲ့ ၁၅ ဦး၊ B.Tech ၄၅၂ ဦး အသီးသီးအောင်မြင်မှုရရှိခဲ့သဖြင့် အားရကျေနပ်ဖွယ်ဖြစ်ပါကြောင်းနှင့် ကျောင်းဆင်းကျောင်းသား ကျောင်းသူများအနေဖြင့် အားကျအတုယူ ကြိုးစားအားထုတ်သွားကြရန် အထူးမှာကြားလိုကြောင်း။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ဒီဂရီကောလိပ်များမှ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအား မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများ တွင်ဦးဆောင်ပါဝင်ဆောင်ရွက်စေရန်” ဟုလမ်းညွှန်မှာကြားချက်အရ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ရကျောင်းသား ကျောင်းသူများကို ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနများ တွင်လည်းကောင်း၊ A.G.T.I ဒီပလိုမာရ ကျောင်းသားကျောင်းသူများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနများတွင်လည်းကောင်း အချိုးကျ ခွဲဝေတာဝန်ပေးခန့်အပ်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal)” ဆိုသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံတော်ကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြ ရန်နှင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို မမေ့မလျော့နှလုံးသွင်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးဆောင်လမ်းပြနိုင်မည့် ခေါင်းဆောင်ကောင်းများ ၊ နိုင်ငံတော်က အားကိုအားထားပြုရသည့် သားကောင်း၊ သမီးမွန်များ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်ထူးချွန်ဆုရရှိသူ ၂ ဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က A.G.T.I ဒီပလိုမာထူးချွန်ဆု ရရှိသူ ၁ ဦး ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ ကိုယ်စားလှယ်များက အလုပ်တာဝန်ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ထူးချွန် ကျောင်းသားများနှင့် ၎င်းတို့၏မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ကျောင်းသား ၃ ဦးနှင့် ဒီဂရီကောလိပ်ဘက်စုံဖွံ့ဖြိုးရေး အတွက် ချီးမြှင့်ငွေများပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒီဂရီကောလိပ်ဝန်းအတွင်း မိုးလုံလေလုံ အားကစားခန်းမ ဆောက်လုပ်နေမှု၊ ၄ ထပ်အင်ဂျင်နီယာ စာသင်ဆောင်အသစ်တွင် ဘာသာ ရပ်အလိုက် သင်ထောက်ကူပစ္စည်းများ ထပ်မံဖြည့်တင်း ဆောင်ရွက်မည့်အခြေအနေ၊ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်၊ ဖူဆယ်အားကစားကွင်း၊ စိမ်းလန်းစိုပြေသာယာလှပရေးဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား ကျောင်းသူ များ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်