ပြည်ထောင်စုတရားလွှတ်တော်ချုပ်  ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော်     ဇွန်    ၂၅

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်း နိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေဖြစ်ထွန်းစေရန်၊ ကောင်းမွန်မျှတသည့် ရာသီဥတုဖြစ်ပေါ် စေရန်နှင့် အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိခရိုင်တရားရုံးရှေ့၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ တက်ရောက်၍ ရတနာတန်းဝင် တမလန်းပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော် ကောင်စီနယ် မြေအတွင်းရှိ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာ များ၌ ရတနာတန်းဝင် ကျွန်းနှင့် တမလန်းပင်များ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းနှင့် တမလန်းပင် စုစုပေါင်း ၁၃၆ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)