ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး “တတိယအကြိမ်မြောက် တရုတ်-အာဆီယံ တရားရေး ဖိုရမ်” တက်ရောက်

နေပြည်တော် ဇူလိုင် ၂၀

 

အာဆီယံနှင့်တရုတ်နိုင်ငံအကြား မိတ်ဖက်ဆောင်ရွက်မှုများ ပိုမိုလွယ်ကူတိုးတက်စေရန်နှင့် တရားရေးဆိုင်ရာ အတွေ့အကြုံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရန် အတွက်  တတိယအကြိမ်မြောက် တရုတ်-အာဆီယံ တရားရေးဖိုရမ် (The 3rd China-ASEAN Justice Forum) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး အွန်လိုင်းဖြင့် တက်ရောက်သည်။

 

ယင်းဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့တရားရုံးချုပ် (Supreme People’s Court of China- SPC) ကကြီးမှူး၍ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့တရား လွှတ်တော်က ပံ့ပိုးကူညီကျင်းပခြင်း ဖြစ်သည်။

 

 ဖွင့်ပွဲအခမ်းအနားတွင်  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူ့တရားရုံးချုပ်မှ တရားသူကြီးချုပ် Zhou Qiangအာဆီယံ ၁၀ နိုင်ငံမှ တရား သူကြီးချုပ်များနှင့် အာဆီယံအထွေထွေ အတွင်းရေး မှူးချုပ်တို့က  အဖွင့်အမှာစကား ပြောကြားကြသည်။

 

ယင်းနောက် ဖိုရမ်ကိုဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် အာဆီယံ (၁၀)နိုင်ငံမှ ကိုယ်စားလှယ်များက ဖိုရမ်၏ဆောင်ပုဒ်ဖြစ်သည့် “၂၁ ရာစု ပိုးလမ်းမကို ပူးတွဲ တည်ဆောက်ဖို့ တရားရေးဆိုင်ရာ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကြပါစို့” နှင့်အညီ တရား စီရင်ရေးနှင့် ဆက်နွှယ်သော ဘာသာရပ်ခေါင်းစဉ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး အကြံဉာဏ်များ ဖလှယ်ကြသည်။

 

ဖိုရမ်တွင် အဓိကအားဖြင့် “ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုကောင်းမွန် သော တရားစီရင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးနိုင်ရန် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်မှုစည်းမျဉ်းအသစ်များကို အရှိန်မြှင့် ဆောင်ရွက်ရေး”၊ “အပြည်ပြည်ဆိုင်ရာ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကာကွယ်မှု တိုးတက်စေရန် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး”၊ “ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် တရား စီရင်ရေးဆိုင်ရာ အကူအညီပေးရန် နယ်စပ်ဖြတ်ကျော် အွန်လိုင်းတရားစွဲဆိုမှုကို မြှင့်တင်ရေး” တို့နှင့် စပ်လျဉ်း၍ စာတမ်းများ ဖတ်ကြားဆွေးနွေးကြသည်။                                                                                      

ထို့နောက် ဖိုရမ်သို့တက်ရောက်လာကြသည့် နိုင်ငံများက တတိယအကြိမ်မြောက် တရုတ်-အာဆီယံ တရားရေးဖိုရမ်၊နန်နင်းသဘောတူညီချက်ကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

 

ဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်နှင့် ဦးသိန်းကိုကို တို့တက်ရောက်ကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်  ဦးအောင်ကျော်မိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မိုးသူဇာဦးတို့က ဖိုရမ်အစီအစဉ်များတွင် စာတမ်းများ ဖတ်ကြားခဲ့ကြသည်။

(သတင်းစဉ်)