ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ (၅၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

 

နေပြည်တော်၊ ဒီဇင်ဘာ ၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ (၅၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

 

အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဖြတ်သန်းခဲ့ရသည့် ခေတ်အဆက်ဆက်တွင် ကောင်းမြတ်သည့် အစဉ်အလာများကို ထိန်းသိမ်းမြှင့်တင်ပြီး လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်လာခဲ့ကြသည်မှာ (၅၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်၍ ဌာနဝန်ထမ်း အားလုံးအတွက် အလွန်ဂုဏ်ယူဖွယ်ရာပင် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးပေါင်း (၅၅) ရုံးအထိ တိုးချဲ့ဖွင့်လှစ်ပြီး ဌာန၏လုပ်ငန်းတာဝန် (၆) ရပ်ကို အစဉ်အဆက် ကျေပွန်အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြသည်ကို အသိအမှတ်ပြုပါကြောင်း၊ ဌာနအနေဖြင့် မော်တော်ယာဉ်များ၊ ယာဉ်မောင်းလိုင်စင်များကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်မှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှစပြီး နိုင်ငံတော်က မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာမူဝါဒကို ဖြေလျှော့ခွင့်ပြုပေးခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်တွင် ယာဉ်စီးရေ (၂ ဒသမ ၃) သန်းကျော်သာရှိခဲ့ရာမှ လက်ရှိ ၂၀၂၂ ခုနှစ်တွင် ယာဉ်စီးရေ (၇ ဒသမ ၂) သန်းကျော်ထိ ဆယ်စုနှစ်ကာလအတွင်း (၃) ဆကျော် တိုးတက်မှတ်ပုံတင် ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ဌာန၏ အဓိကလုပ်ငန်းများတွင် IT နည်းပညာ အသုံးပြုပြီး Computerized System ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် QR Code ဖတ်ရှုနိုင်သည့် Smart Card ယာဉ်မောင်းလိုင်စင်များ၊ ယာဉ်နံပါတ်ပြားများအဆင့်အထိ တိုးမြှင့်နိုင်ခဲ့သည့်အတွက် IT နည်းပညာသုံး ဝန်ဆောင်မှုနှင့် e-Government ဖော်ဆောင်မှုတွင် နိုင်ငံတော်၏ မူဝါဒ၊ မျှော်မှန်းချက်နှင့်အညီ ကောင်းစွာလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

National Road Safety Council ၏ Focal Department အဖြစ် NRSC ၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် Global Plan for UN’s Decade of Action for Road Safety (2021-2030) နှင့်အညီ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အောင်မြင်စွာ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံ ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ၏ Focal Department အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များအား ပြောင်းလဲတပ်ဆင်ပေးနိုင်ခြင်းသည်လည်း ဌာန၏ကြိုးပမ်းဆောင်ရွက်မှု တစ်ခုအဖြစ် အသိအမှတ် ပြုပါကြောင်း၊ ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည် ပြည်သူတစ်ဦးချင်းစီ၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ အသီးသီးအတွက် အဓိကကျသကဲ့သို့ နိုင်ငံအတွင်းရှိ တိုင်းရင်းသားများအချင်းချင်း ကူးလူးသွားလာမှု၊ ထိတွေ့ ဆက်ဆံမှုအတွက်လည်း အရေးပါလှပါကြောင်း။

 

"ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံနှင့် ပြည်သူ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာအောင် ရည်မှန်းချက်ထားပြီး ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

 

mdn

 

ယင်းနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ (၅၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Video Clip ကို ပြသသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ အရာရှိကြီးများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများက ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူများနှင့် သင်တန်းအသီးသီး၌ ထူးချွန်ဆု ရရှိခဲ့ကြသည့် အရာထမ်း/ အမှုထမ်းများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ထူးချွန်ဆုရ ဝန်ထမ်းများ၊ ဌာန အရာထမ်း/ အမှုထမ်းများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ပြီး ပြည်ထောင်စုဝန်ကြီးက ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

နှစ်ပတ်လည်နေ့ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းခန်းမ၌ ပြုလုပ်သည့် နှစ်ပတ်လည်နေ့ ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများအားလုံးနှင့် မိသားစုသဖွယ် ရင်းနှီးနွေးထွေးစွာ နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။

 

အလားတူ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံး အသီးသီး၌လည်း (၅၈) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဌာနမှ အငြိမ်းစားဝန်ထမ်း‌ဟောင်းများကို ဖိတ်ကြား၍ ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြု နေ့လယ်စာ စားပွဲများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်