ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ စက်ရေတွင်း၊ ရေတင်စက်၊ ရေတင်စက်ရုံနှင့် အုတ်ရေကန်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်  ၁၈   မေ 

 

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်ဇနီးဒေါ်ခင်သီတာ၊ အလှူရှင်မိသားစုနှင့်  တာဝန်ရှိသူများသည် ယနေ့၊ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ သန္တာရာမသီလရှင်ပရိယတ္တိစာသင်တိုက်တွင် ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသော မျှဝေခြင်းအစီအစဉ်ဖြင့်  ဆောက်လုပ်တူးဖော် ပေးသည့် စက်ရေတွင်း၊ ရေတင်စက်၊ ရေတင်စက်ရုံနှင့် အုတ်ရေကန်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် တာဝန်ရှိသူမျာက နမော တဿသုံးကြိမ် ရွတ်ဆို၍ လှူဒါန်းပွဲအခမ်းအနားအား ဖွင့်လှစ်ပေးသည်။ ယင်းနောက် အလှူရှင် ပါမောက္ခဒေါက်တာခင်ခင်ဦးက စက်ရေတွင်း၊ ရေတင်စက်၊ ရေတင်စက်ရုံနှင့် အုတ်ရေကန်လှူဒါန်း ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပေးသည်။

 

ထို့နောက် အလှူရှင်များမှ စက်ရေတွင်း၊ ရေတင်စက်၊ ရေတင်စက်ရုံနှင့် အုတ်ရေကန် လှူဒါန်းခြင်းအထိမ်းအမှတ်၊ စာရွက်စာတမ်းများအား သန္တာရာမသီလရှင်ပရိယတ္တိစာသင်တိုက် ပဓာန နာယကကျောင်းထိုင်သီလရှင်ဆရာကြီး ဒေါ်သမ္မာရီထံသို့ လွှဲပြောင်းလှူဒါန်းပေးရာ ကျောင်းထိုင် သီလရှင်ဆရာကြီးမှ  ယခုစာသင်တိုက်ကြီးသည် ပျဉ်းမနားမြို့နယ် ကိုယ်စားပြုတဲ့ သီလရှင်စာသင် တိုက်ကြီးဖြစ်ကြောင်း၊ ပုံမှန်စာသင်စာချ သီလရှင်(၅၀)ပါးနှင့် သက်ကြီးဘိုးဘွား(၄၀)ကျော်ရှိသည့်အပြင် သင်္ကြန်ကာလတွင် ဝိပဿနာတရားစခန်း ဖွင့်လှစ်သည့် အချိန်တွင် ပြင်ပယောဂီ(၁၅၀)ကျော် ခန့် လာရောက်တရားရှုမှတ်ခြင်းကြောင့် လူများပြားကာ သောက်သုံးရေအခက်အခဲ့နှင့် ရင်ဆိုင်ခဲ့ရကြောင်း ယခုအခါ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တွင်းတူးစက်ယန္တရားများ၊ ကျွမ်းကျင်ပညာရှင်များအကူအညီနှင့် အလှူရှင်တို့ ပူပေါင်းလှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

 

အဆိုပါလှူဒါန်းမှုတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တွင်းတူးစက် ယန္တရားများကို အကူအညီပေးတူးဖော်ကာ ရန်ကုန်မြို့နေ အလှူရှင် ပါမောက္ခဒေါက်တာခင်ခင်ဦးနှင့် မိသားစုများမှ လှူဒါန်းငွေကျပ်(၄၂)သိန်းဖြင့် အကျယ်(၄)လက်မ၊ အနက်(၂၂၀)ပေ ရှိစက်ရေတွင်း (၁)တွင်း၊ ရေတင်စက်၊ ရေတင်စက်ရုံနှင့် အုတ်ရေကန်တို့ကို လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)