ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြစ်ရွမ်း ကိုယ်ထူကိုယ်ထလူမှုဖွံ့ဖြိုးရေးအဖွဲ့အား တွေ့ဆုံဆွေးနွေး

နေပြည်တော် ၃၁   မေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် မေ ၂၉ ရက် မွန်းလွဲပိုင်းက ဒေါ်ဆွမ်လွတ်ဆိုင်းခေါန် ဦးဆောင်သော မြစ်ရွမ်း (Myitrum) ကိုယ်ထူကိုယ်ထလူမှုဖွံ့ဖြိုးရေးအဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးတွင် ရေလုပ်သားခေါင်းဆောင်များစုဖွဲ့၍ ကူညီပေးနိုင်ခဲ့မှုကြောင့် ရေလုပ်သားများ၏ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်လမ်းအကျိုး ကျေးဇူးခံစားရမှုအပေါ် စီမံဆောင်ရွက်ပေးပါသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြစ်ရွမ်း ကိုယ်ထူကိုယ်ထ လူမှုဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် ဝန်ကြီးဌာန၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကိုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးသည်။

 

mdn

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးကမြစ်ရွမ်း၏ ဆောင်ရွက်ချက်များနှင့် အားထုတ်ကြိုးပမ်းမှုအပေါ် မိမိတို့ဝန်ကြီးဌာနမှ အသိအမှတ်ပြုပါကြောင်း၊ မြစ်ရွမ်း၏ ဆောင်ရွက်ချက်များနှင့်အတူစိုက်ပျိုး၊ မွေးမြူရေးနှင့်ပတ်သက်၍ သတ်မှတ်ပြဌာန်း ထားရှိသောဥပဒေနည်း ဥပဒေများနှင့် နည်းပညာဆိုင်ရာဗဟုသုတများအား တောင်သူများနှင့်ရေ လုပ်သားများပိုမိုသိရှိစေ ရေးကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်ပေးသွားစေလိုပါကြောင်း၊ မြစ်ရွမ်း၏ ဆောင်ရွက်ချက်များအပေါ် ဝန်ကြီးဌာနဘက်မှလည်းဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီဖြစ်စေရေးစွမ်းအားရှိသမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

(သတင်းစဉ်)