ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာနှင့် အောင်ပန်းမြိုင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၈

 

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက် မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြသည်။

 

အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ ရောက်ရှိကြရာ တာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့်(ငြိမ်း)က ဘိုးဘွားရိပ်သာတွင် အဘိုး(၁၂၀)နှင့် အဘွား(၅၉)ဦးကို အဘိုးဆောင်၊ အဘွားဆောင်များ၌ စနစ်တကျ လက်ခံစောင့်ရှောက်ထားရှိမှု အခြေအနေကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘိုးဘွားဆေးကုသဆောင်၌ ဆေးကုသမှုခံယူနေသော အဘိုး(၁၂)ဦးကို သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကာ အလှူငွေများပေးအပ်ပြီး ဓမ္မာရုံ၌ ဘိုးဘွားများ တရားဘာဝနာ ရှုမှတ်နေမှုကိုကြည့်ရှုသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ငွေကျပ် (၂၈ ဒသမ ၀၇၇)သန်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လ ပရိယတ္တိစာသင်တိုက် တွင် ဖွင့်လှစ်ထားသော အောင်ပန်းမြိုင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့  သွားရောက်ပြီး ကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ အလှူငွေနှင့် ကလေးများအတွက် ကျောင်းသုံးစာ‌ရေးကိရိယာများ လှူဒါန်းကာ ကလေးများအိပ်ဆောင်နှင့် စားရိပ်သာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းဂေဟာတွင် ယောက်ကျားလေး(၄၂)ဦး၊ မိန်းကလေး(၉)ဦးကို လက်ခံစောင့်ရှောက်ထားရာ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု ပထမအဆင့် ဂေဟာဖြစ်ပြီး နှစ်စဉ်ဆန်ဖိုးနှင့် စားစရိတ်တို့ ထောက်ပံ့ပေးလျက်ရှိသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သည် အောင်ပန်းမြိုင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ငွေကျပ် (၂၄ ဒသမ ၈၄) သိန်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)