ဝက်ထီးကန် ဇူလိုင် ၁

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေး စခန်း (ဝက်ထီးကန်)၌ ကျင်းပသည့် မူးယစ်ဆေးဝါးသုံးစွဲမှု ဖြတ်ပြီးသူများအတွက် စခန်း အခြေပြု ပြန်လည်ထူထောင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၆ )ဖွင့်ပွဲသို့ တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းက ရက်ပေါင်း ၉၀ ကြာဖွင့်လှစ်လျက်ရှိပြီး သင်တန်းကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှု အနေဖြင့် အားကစားနည်းမျိုးစုံနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်မှုအနေဖြင့် နှစ်သိမ့်ဆွေးနွေးခြင်း၊ အသိပညာပေးခြင်း၊ အလုပ်ပေးကုထုံး၊ ဘာသာရေး ကုထုံးများ ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာအနေဖြင့် တံဆိပ်ရိုက်၊ ဆံသ၊ ဘက်စုံသုံးဆပ်ပြာဆီ၊ ဘိလပ်မြေ အုတ်ရိုက်၊ ဆိုင်ကယ်ပြင်သင်တန်းနှင့် စိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းများ သင်ကြားပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်မှု ခံယူထားသူများအား အလုပ်အကိုင်ရရှိစေရေးနှင့် နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းသားများနှင့် မိဘအပ်သင်တန်းသားများအား နွေးနွေးထွေးထွေး တွေ့ဆုံအားပေးစကား ပြောကြား၍ သင်တန်းအိပ်ဆောင်၊ ထမင်းစားဆောင်၊ သင်တန်းသားများ စိုက်ပျိုးထားသော စိုက်ခင်းနှင့် လမ်းဘေးဝဲယာရှိ သစ်ပင်ပန်းပင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်