ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်၊ စက်ရုံများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်၊ ဇွန် ၂

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ စက်မှုဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဇုန်ဥပဒေနှင့် စက်မှုဇုန်နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ စက်မှုဇုန်ဥပဒေ၏ ရည်ရွယ်ချက်၊ ကော်မတီများဖွဲ့စည်းခြင်း၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းပုံ၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဒေသဆိုင်ရာကော်မတီမှ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စက်မှုဇုန်အသစ် တည်ထောင်ခြင်းနှင့် သတ်မှတ်ကြေညာခြင်း၊ ယခင်စက်မှုဇုန်များ‌နှင့် စီမံခန့်ခွဲရေးကော်မတီများ ပေါ်ပေါက်လာပုံ၊ တည်ထောင်ပြီး စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းများ၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်ခဲ့မှုတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများ အခြေအနေ၊ မြေအသုံးချမှုအခြေအနေနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက နည်းဥပဒေပါ အချက်အလက်များနှင့်အညီ စက်မှုဇုန်များအား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။ 

 

 

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ချည်မျှင်နှင့်အထည် ထုတ်လုပ်မှု နည်းပညာ ဖွံ့ဖြိုးရေးဌာနသို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ဌာနတာဝန်ခံက ချည်မျှင်နှင့် အထည်များ စမ်းသပ်စစ်ဆေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ဝတ်ဆင်ရေးကဏ္ဍ ပြည့်စုံဖူလုံစေရေးအတွက် ဝါမှ ဝါဂွမ်း၊ ချည်၊ အထည် ရက်လုပ်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းထုတ် အဝတ်အထည်များ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝါဂွမ်း၊ ချည်၊ အထည် စမ်းသပ်စစ်ဆေးသည့် နည်းပညာရပ်များ ပြန့်ပွားအောင် လေ့ကျင့်သင်ကြားပေး ရမည်ဖြစ်ကြောင်း မှာကြားပြီး ဝါဂွမ်း၊ ချည်နှင့်အထည်များ ဆောင်ရွက်လျက်ရှိသည့် စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

 

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက် လုပ်ငန်းဆောင်ရွက်မည့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံမှ လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များရရှိရေးအတွက် သက်‌မွေးပညာသင်ကျောင်းများ၊ နည်းပညာတက္ကသိုလ်၊ ကောလိပ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ စက်ရုံရှိ စက်ပစ္စည်းများနှင့်ပတ်သက်၍ ကြိုတင်စစ်ဆေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များရေးဆွဲပြီး တိတိကျကျ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ အမှာစာဖြင့်မှာယူထားသည့် ဆေးဝါးများကို အချိန်မီထုတ်လုပ်ရေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ ဝယ်ယူရာတွင် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အဂတိတရား ကင်းကင်ဖြင့် စေတနာထားဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်း၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်