ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပဲခူးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့မ ဈေးတွင် ပဲခူးတိုင်းဒေသကြီး MSME Agency မှ ခင်းကျင်းပြသရောင်းချလျက်ရှိသည့် MSME ထုတ်ကုန်ပြခန်းနှင့် အရောင်းစင်တာများကို ကြည့်ရှုစစ်ဆေးပြီး ထုတ်ကုန်ပစ္စည်းများ အရည် အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာရောင်းချနိုင်ရေး၊ ဆွဲဆောင်မှုရှိသည့်ထုပ်ပိုးမှု စနစ် ဖြစ်အောင်ဆောင်ရွက်ရေးနှင့် ထုတ်လုပ်မှုတိုးမြှင့်ရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စက်မှုလုပ်ငန်းများအခြေအနေ၊ ဈေးကွက်ရရှိရေးဆောင်ရွက်ပေးခဲ့မှု၊ တိုင်းဒေသကြီး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက စက်မှုဇုန်များ၊ စက်မှုလုပ်ငန်းများ၊ လျှပ်စစ်၊ ဘွိုင်လာများအား စစ်ဆေးပေးနေမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်မှုလုပ်ငန်းများ ထူထောင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေ ရေး စနစ်တကျစစ်ဆေးရမည်ဖြစ်ကြောင်း၊ စက်စွမ်းအားပြည့်လည်ပတ်အသုံးပြုနိုင်ရေး လျှပ်စစ်နှင့်ရေနွေးငွေ့သုံးစွဲမှုများကို အမြဲမပြတ်စစ်ဆေးရန်နှင့် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စက်မှုဇုန်များ၊ စက်မှုလုပ်ငန်းများ၊ လျှပ်စစ်၊ ဘွိုင်လာ များအား စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိန်းကျောင်းကြပ်မတ်သည့် လုပ်ငန်းစဉ်များကို ကျေပွန်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိန်းကျောင်းကြပ်မတ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသည့် ပညာရှင်ဝန်ထမ်းများသည် ဝန်ထမ်းများလိုက်နာရမည့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်တို့ကို လိုက်နာရမည်ဖြစ်သည့်အပြင် သက်ဆိုင်ရာ ပညာရပ်ကောင်စီအသီးသီးမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ ကျင့်ဝတ်များကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြည်သူကို အလုပ်အကျွေးပြုနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်