နေပြည်တော်၊ အောက်တိုဘာ    ၂     

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဝိုင်၊ ယိုစုံနှင့် မလိုင်ထုတ်လုပ်သည့် MSME လုပ်ငန်းရှင်များအား ယနေ့နံနက်ပိုင်းတွင် သုတေသနဌာနခွဲ (ပြင်ဦးလွင်) ၌ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့် တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ MSME လုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေပမာဏအနေဖြင့် အသေးစား လုပ်ငန်းကို ငွေကျပ် (၁၀) သန်း၊ အငယ်စားလုပ်ငန်းကို ငွေကျပ်သန်း (၅၀) နှင့် အလတ်စား လုပ်ငန်းကို ငွေကျပ်သန်း (၁၀၀) အထိ ထုတ်ချေးပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းများ အတွက် နည်းပညာရရှိရေး အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာလွှဲပြောင်းပေးမှုများ၊ ကုန်ကြမ်းပစ္စည်းများရရှိရေး၊ ဒီဂျစ်တယ်နည်းပညာများ အသုံးပြုနိုင်ရေးတို့ကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး ဈေးကွက်ရရှိရေးအတွက် E-Market Platform တည်ထောင်ပေးခြင်း၊ ထုတ်ကုန်ပစ္စည်းပြခန်းကို ရန်ကုန်တိုင်းဒေသကြီး SME ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတွင် ဖွင့်လှစ်ပြီး ဒေသအသီးသီးမှ MSME ထုတ်ကုန်များကိုလည်း ရောင်းချပေးလျက်ရှိကြောင်း။

MSME ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီးပါက အသေးစား (Micro) စီးပွားရေးလုပ်ငန်းများနှင့် အစပျိုး စီးပွားရေးလုပ်ငန်းများ (Startup)ကို ထဲထဲဝင်ဝင် ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်း တစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပါက ဒေသနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်ပစ္စည်းများကို လှည့်လည်အားပေးကြည့်ရှုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံ စက်မှုဇုန်အတွင်းရှိ Burst Transmission Co., Ltd. ၏ မှန်ဘီလူးများ၊ မှန်ဘီလူးကိုယ်ထည်များ၊ အနုကြည့်မှန်ပြောင်းများ၊ လုံခြုံရေး ကင်မရာခေါင်းလောင်းများ၊ ကင်မရာတွင်ပါဝင်သည့် ပလတ်စတစ် အစိတ်အပိုင်းများ၊ ပရင်တာ အစိတ်အပိုင်းများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဆားကစ်ပြားများ ဒီဇိုင်းရေးဆွဲထုတ်လုပ်နေမှု၊ ကိုဒက်ကင်မရာအမျိုးအစားများ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နည်းပညာလွှဲပြောင်းရရှိရေး စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအဆင့် တိုးမြင့်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးရန်၊ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်