ရန်ကုန် မေ ၂၈

 

“နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီတွင် သာကေတ မြို့နယ် လူငယ်စင်တာခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လူငယ်ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ်များအနေဖြင့် ဗလငါးတန် ပညာ့မာန်ဖြင့် နိုင်ငံ၏ အနာဂတ် ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ထုဆစ်ပုံဖော်ရာတွင် ရှေ့တန်းက တက်ကြွစွာ ပါဝင်နိုင်ကြသူများ အဖြစ် စွမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့က လူငယ်စကားဝိုင်း Moderator/ Speaker နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် လူငယ်အဖွဲ့ ခေါင်းဆောင် ငါးဦးတို့က “နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် လူငယ်မောင်မယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ လူငယ်နှင့် အလုပ်အကိုင်အခွင့် အလမ်း QR Scan ဖြင့် စစ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်