ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာဆွေးနွေးပွဲ သင်တန်းဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေး အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြု ဆောင်ရွက်မည့််သူများအား ဘက်မလိုက်ဘဲ မျှတစွာ တာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်းစည်းကမ်း နှင့်အညီ မေးခွန်းလုံခြုံမှုရှိရေး၊ စနစ်တကျလွှဲပြောင်း၊ လက်ခံမှတ်တမ်းဖြင့် သက်ဆိုင်ရာသို့လက်ဆင့်ကမ်း အပ်နှံဆောင်ရွက်ကြရန်နှင့် ကုဒ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် လုံလောက်သော ဆရာ၊ ဆရာမ အရေအတွက်ဖြင့် တာဝန်ပေးအပ် ရန်လိုပါကြောင်း၊ စာမေးပွဲဖြေဆိုမည့်ကျောင်းသားကျောင်းသူများနှင့် စာမေးပွဲခန်းကြီးကြပ်မည့် ဆရာ၊ ဆရာမများအဆင်ပြေ ချောမွေ့စေရေးအတွက် လုပ်ငန်းအစမှအဆုံးအထိအကောင်းဆုံးပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း။

လုပ်ငန်းခွင်တွင် ကြုံတွေ့ရသည့်အခက်အခဲများကို မိသားစုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီဖြေရှင်း ပေးကြရန်နှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပံ့ပိုးဆောင် ရွက်ပေးရန်လိုပါကြောင်း၊ အရည်အသွေးရှိသော နိုင်ငံသားကောင်းများမွေးထုတ်ရာတွင် တက္ကသိုလ် ဝင်စာမေးပွဲ အရည်အသွေးရှိစွာ အောင်မြင်နိုင်ရေးအရေးကြီးပါကြောင်း၊ ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ၌ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံအသစ် တွင် ဘာသာရပ်အားလုံး၌ လွယ်၊ သင့်၊ ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် မေးခွန်းများ ပိုမိုပါဝင်လာမည်ဟု သိရှိရပါကြောင်း။

စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများလုံခြုံမှုရှိစေရေး၊ သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့အတွက် ညီညွတ် စွာပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင် ဆရာမများ၊ အသက်အရွယ်ကြီးသော ဆရာ၊ ဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာ၊ ဆရာမများ နှင့် ဘာသာရပ်နှင့်မကိုက်ညီသော အထက်တန်းပြဆရာ၊ ဆရာမများအား စာစစ်တာဝန်ပေးခြင်းမပြုရန် နှင့် ဘာသာရပ်နှင့်ကိုက်ညီသော အထက်တန်းပြလုပ်သက်(၂)နှစ်အထက်ရှိသည့် ဆရာ၊ ဆရာမများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ တာဝန်ပေးရန်နှင့် ပျက်ကွက်မှုမရှိအောင် အလေးထားပူးပေါင်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယခုဆွေးနွေးပွဲသင်တန်းတွင် လုပ်ငန်းအတွေ့အကြုံများဖလှယ်၍ အားနည်းချက်များပြုပြင်၍ အားကောင်းလာအောင်၊ အားသာချက်များကိုလည်း ပိုမိုအားကောင်း လာအောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။  

ထို့နောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေး မှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချကြသည်။ အဆိုပါဆွေးနွေးပွဲသင်တန်းသို့ မန္တလေး (ရမည်းသင်း၊ မိတ္ထီလာမပါ)၊ စစ်ကိုင်း၊ ချင်း(ပလက်ဝမပါ)၊ ကချင်၊ ရှမ်း(မြောက်) များမှ ဆရာ၊ ဆရာမ စုစုပေါင်း (၈၆၁)ဦး တက်ရောက်ကြသည်။

ထိုမှတစ်ဆင့် မန္တလေးမြို့အမှတ်(၁၆) အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ စာသင်ဆောင်၊ စာသင်ခန်း၊ ဓါတ်ခွဲခန်း၊ လက်တွေ့ခန်းများနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးပြခန်းများကို လိုက်လံကြည့်ရှုစစ်ဆေး၍ သင်ကြားသင်ယူမှု အခြေအနေများ၊ ပညာရေးစီမံခန့် ခွဲမှုများပိုမိုတိုးတက်ကောင်းမွန်ရေး ဆွေးနွေးမှာကြားသည်။

ယင်းနောက် တာဝန်ခံဒုတိယကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများ ၊ သင်တန်းသားသင်တန်းသူ များနှင့်တွေ့ဆုံ၍  အလွတ်ကျက်မှတ်မှုစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသောပညာရေးစနစ်ကို အကောင်းအထည်ဖော် ဆောင်ရွက်ရေး၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားကောင်း ရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရေး၊ အရည်အသွေးရှိသော ဆရာ၊ ဆရာမ ကောင်းများဖြစ်ရန်အတွက် သင်ယူပြီး ရင်းသင်ယူနေကြရန်နှင့် စာများများဖတ်၍ သင်ယူမှုဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။ 

ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သိရသည်။

(သတင်းစဉ်)