ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာရေး မိသားစုများနှင့်တွေ့ဆုံ

နေပြည်တော် ၂ စက်တင်ဘာ


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာရေးမိသားစုများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မုံရွာမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အမှာစကားပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို၂၀၁၆ ခုနှစ် ဧပြီလမှစတင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကာလများအတွင်း ဆရာ ဆရာမ များ၏ စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံ၍ ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုင်းဒေသကြီး၏ ပညာရေးအညွှန်းကိန်းများ သိသိသာသာတိုးတက်ကောင်းမွန်နေသည်ကို တွေ့မြင်ရပါကြောင်း၊ မူလတန်း ကျောင်းထွက်နှုန်းလျော့နည်း၍ အလယ်တန်းနှင့် အထက်တန်းကျောင်းတက်နှုန်းများ တိုးတက်မြင့်မားလာပြီး တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူ ဦးရေတိုးတက်လာပါကြောင်း၊ ထို့အပြင် တိုင်းရင်းသားကလေးငယ်များကို ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းတို့တွင် တိုင်းရင်းသား ဘာသာစကားစာအုပ်များကို ဒေသသင်ရိုးအဖြစ် သတ်မှတ်၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်းနှင့် နဝမတန်းများတွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် လိုက်လျောညီထွေသည့် သမိုင်း၊ ပထဝီ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတို့ကို ပေါင်းစပ်၍ အတန်းလိုက် ဒေသသင်ရိုးအဖြစ် ပြုစုနိုင်ရန် သတ်မှတ်ထားပါကြောင်း၊ ဒသမတန်းနှင့် ဧကဒသမတန်း၊ ဒွါဒသမတန်းတို့တွင် အိုင်စီတီ၊ သက်မွေးကြိုဘာသာရပ်များကို ဒေသသင်ရိုးအဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။


ယင်းနောက် ဆရာ ဆရာမများ၏ သိရှိလိုသည်များကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးသည်။ 


(သတင်းစဉ်) 

 

DSC_10