ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နည်းပညာတက္ကသိုလ်(သန်လျင်)မှ ဆရာဆရာမများနှင့်တွေ့ဆုံ

ရန်ကုန် ၃၁ ဒီဇင်ဘာ 

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နည်းပညာ တက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများ၊ ဆရာသမဂ္ဂများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး နည်းပညာတက္ကသိုလ်(သန်လျင်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာနည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့မှု၊ ကျောင်း၏လှုပ်ရှားဆောင်ရွက်မှုများနှင့် သုတေသနဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နည်းပညာတက္ကသိုလ်(သန်လျင်)မှ ဆရာဆရာမများ၏ သင်ကြားသင်ယူမှုများ၊ သုတေသနဆောင်ရွက်နေမှုများ၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နေမှုများအပေါ် အားရမိပါကြောင်း၊ ထိုသို့မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်ကောင်းများကိုဆက်လက် ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ရန် အားလုံးတွင်တာဝန်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ ယှဉ်ပြိုင်လိုစိတ် များကို လက်တွေ့ကျကျ အထောက်အကူပြုပြီးလက်တွေ့အသုံးချနိုင်သည့် ဘာသာရပ်များ၏ အောင်ချက်ရာခိုင်နှုန်းများကိုလည်း လေ့လာဆန်းစစ်ရန်လိုအပ်ပါကြောင်း၊ ဘွဲ့ရလူငယ် မောင်မယ်များ၊ အင်ဂျင်နီယာပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်များ၊ သုတေသနပညာ ရှင်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ဖြစ်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေနံအင်ဂျင်နီယာဌာနရှိစာသင်ခန်း၊ လက်တွေ့ သင်ထောက်ကူပစ္စည်းများ၊ အိုင်စီတီခန်းနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်း၌ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ်ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင်နှင့် တာဝန်ရှိသူများကတက္ကသိုလ်၏ သင်ကြားသင်ယူမှုလုပ်ငန်းများ၊ အားကစားနှင့် အနုပညာ သင်တန်းများဖွင့်လှစ်ထားမှု၊ နိုင်ငံတကာနှင့် ချိတ်ဆက်ပူးပေါင်း ဆောက်ရွက်မှုများ၊ ဘာသာရပ် ဌာနအလိုက် သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဘဏ္ဍာရေးနှစ် အလိုက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ လုပ်ငန်းသုံးစက်ပစ္စည်းနှင့် ဆေးပေးခန်းလိုအပ်မှုများကို ရှင်းလင်းတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ တက္ကသိုလ်ဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

(သတင်းစဉ်)