နေပြည်တော် ၅ မေ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာ့ကူးမြို့တွင် မေ ၂ ရက်မှ ၃ ရက်အထိကျင်းပသော ပဉ္စမအကြိမ်ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ခွဲခြားမှု၊ မညီမျှမှုနှင့် အကြမ်းဖက်မှုပပျောက်ရေးအတွက် စကားဝိုင်း ဆွေးနွေးပွဲမှသည် အကောင်အထည်ဖော်မှုဆီသို့ဟူသော ဆောင်ပုဒ်ဖြင့်ကျင်းပသော အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၄၁နိုင်ငံမှ နိုင်ငံအကြီးအကဲများ၊ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြီးအကဲများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် လူ့အဖွဲ့အစည်းများလုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်နိုင်မည့် နည်းလမ်းအသစ်များကို ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသော ဝန်ကြီးအဆင့် ဆွေးနွေးပွဲသို့ မေ ၂ ရက်က တက်ရောက်ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ပညာရေးသည် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်် ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်သို့ ရောက်ရှိရန်၊ လူတိုင်းပါဝင်သော တန်းတူညီမျှသောအရည်အသွေးရှိသည့် ပညာရေးကို ဖော်ဆောင်ရန်နှင့် လူတိုင်းအတွက် ဘဝတစ်သက်တာသင်ယူမှု အခွင့်အလမ်းများ မြှင့်တင်ရန်အတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း။
ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းနေရေးနှင့် ကျောင်းထွက်နှုန်း ပပျောက်ရေးဟူသော မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ မူလတန်းကလေး အားလုံးအရေး၊ အဖတ်၊ အတွက် တတ်မြောက်ရေး၊ အလယ်တန်းအဆင့်သို့ ကူးပြောင်း တက်ရောက်နိုင်ရေးကို ဦးတည်လျက် အခမဲ့မူလတန်းနှင့် အခမဲ့အ လယ်တန်းပညာရေးကို ဖော်ဆောင်လျက်ရှိကြောင်း၊ ထင်ရှား သောပညာရေး ပြုပြင်ပြောင်းလဲမှုတစ်ခုမှာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ KG+12 စနစ်သစ်ကို ပြောင်းလဲခြင်းဖြစ်ကြောင်း၊ အလွတ်ကျက်မှတ်သည့် အလေ့အထမှ ပြောင်းလဲ ရန်အတွက် သင်ရိုးညွှန်းတမ်းအသစ်များတွင် စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်မှု၊ ကာယပညာ၊ အနုပညာနှင့်ယဉ်ကျေးမှု၊ တီထွင်ဖန်တီးတတ်သော စိတ်ကူးဉာဏ်နှင့် နက်နက်ရှိုင်းရှိုင်း သင်ယူလေ့လာမှုကိုအားပေးသော ၂၁ရာစုနှစ်အတွက် လိုအပ်သည့် စွမ်းရည်များကိုထည့်သွင်း ရေးဆွဲထားကြောင်း၊ အဆိုပါ သင်ရိုးညွှန်းတမ်းအသစ်များအတွက် မူလတန်းပြဆရာ ဆရာမအားလုံး ၂၆၀ဝ၀ဝ ကိုလည်း သင်တန်းပို့ချပြီးဖြစ်ကြောင်း၊ အလယ်တန်းပြအားလုံးကိုလည်း သင်တန်းပို့ချနေပါကြောင်း။
ပညာရေးပြုပြင်ပြောင်းလဲမှုများအနက် အောင်မြင်မှုတစ်ခုအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်းကျောင်းသစ် ၁၀၂၄ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးကျောင်းဆောင်သစ် ၁၀၆၆၄ ခု တည်ဆောက်ခြင်း၊ ၁၀၈၀၃ ကျောင်းကို ကျောင်းအဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ အမျိုးသားပညာရေးဥပဒေအရ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူ ခွင့်မရသောကလေးငယ်များ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများကို ဖော်ဆောင်လျက် ရှိကြောင်း၊ တိုင်းရင်းသားဘာသာစကား ၅၄ မျိုးကိုသက်ဆိုင်ရာ ကျောင်းများတွင် သင်ကြားပေးလျက်ရှိပြီး သင်ကြားရေး အထောက်အကူပြု ဒေသခံဆရာ၊ ဆရာမ ၅၁၆၁ ဦးကို ခန့်ထားနိုင်ခဲ့ကြောင်း။
ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကို ၈၁ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ၂ နှစ်သင် ပညာရေးကောလိပ်များ အားလုံးကိုလည်း ၄ နှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော နည်းပညာနှင့်သက်မွေး ပညာသင်တန်းများကို တိုးချဲ့ဖွင့် လှစ်လျက်ရှိကြောင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုကို အားပေးသော အဆင့်မြင့်ပညာ ကဏ္ဍကို ဖော်ဆောင်လျက်ရှိကြောင်း၊ တက္ကသိုလ်ဖွံ့ဖြိုးရေးအတွက် တက္ကသိုလ်ပဋိညာဉ် စာတမ်းရေးဆွဲ၍ သင်ကြားရေးနှင့်စီမံခန့်ခွဲမှုတို့ကို အမျိုးသားပညာရေး ဉပဒေအရ ဆောင်ရွက်နိုင်ရေးအတွက် အားပေးဖော်ဆောင်လျက်ရှိကြောင်း။
အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များတွင် အဓိကဖြေရှင်းဆောင်ရွက်ရမည့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ အရက်ဘီယာနှင့်စီးကရက်မသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးတို့ကို ဦးစား ပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများကို ပညာပေးရန် စီစဉ်လျက်ရှိကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုကိုလည်း ထည့်သွင်း ရန် စီစဉ်လျက်ရှိကြောင်း၊ ကျောင်းသားများနှင့် လူငယ်များ အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ သော ကွန်ပျူတာဂိမ်းစွဲလန်းမှုကို လျှော့ချပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းသားများ၊ သင်ယူသူများ၊ မျိုးဆက်သစ်လူငယ်များ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်နှင့် မိမိနေထိုင်ရာကမ္ဘာကြီးအတွက် အကောင်းဆုံး ဆောင်ရွက်နိုင်မည့် အခွင့်အရေးများကို အသုံးချတတ်စေရေးအတွက် အားပေးဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် မေ ၃ ရက်မွန်းလွဲပိုင်းတွင် အဇာဘိုင်ဂျန်နိုင်ငံ ပညာရေးဝန်ကြီး Dr.JeyhunBayramovနှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံပညာရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ခန့်ဆုမ်းတို့ အဖွဲ့သည် မေ ၅ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြည်လည် ရောက်ရှိကြကြောင်း သိရသည်။
(သတင်းစဉ်)


