ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်၊ ဇွန် ၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၌ ပင်မသုံးထပ်စာသင်ဆောင်သစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီကောင်းမွန်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးအတွက် အဓိကထား ဆောင်ရွက်ကြရန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) သို့ ရောက်ရှိကာ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက နည်းပညာပြန့်ပွားရေးနှင့် အရည်အသွေးပြည့်မီသော ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးရန်၊ စာတွေ့သာမကလက်တွေ့လုပ်ငန်းခွင် အသုံးချနိုင်သည့် သင်ကြားသင်ယူမှုများကို ဆောင်ရွက်ရန်၊ စက်မှုလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို အကောင်းဆုံး အပြည့်အဝ ဖြည့်ဆည်းပေးရန်နှင့် ကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို မြှင့်တင်ရန် စက်မှုလုပ်ငန်းရှင်များနှင့် စက်ရုံများအကြား ပူးပေါင်းလုပ်ဆောင်မှုတိုးမြှင့်ရန်မှာကြား၍ ဘောလုံးကွင်းနှင့် အိပ်ဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၌ ပင်မခြောက်ထပ်ဆောင် တည်ဆောက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီစွာနှင့် အချိန်မှီ ပြီးစီးနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်