ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အခြေခံပညာကျောင်းများအား လှည့်လည်ကြည့်ရှု စစ်ဆေး

နေပြည်တော် ဇွန် ၂၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အခြေခံပညာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၉) နှင့် အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး၍ အဆိုပါ ကျောင်းများရှိစာသင်ခန်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ / ဆရာမများ၊ အေးချမ်းစွာ ပညာသင်ယူနေသည့် ကျောင်းသား / ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာရေး ဂရုစိုက်၍ ပညာကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းမှန်မှန်တက်၍ ကျောင်းစည်းကမ်းများကို လိုက်နာကြစေလိုကြောင်း၊ ပညာတတ်၍ အကျင့်စာရိတ္တ ကောင်းမွန်သော ယဉ်ကျေးလိမ္မာသော၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ပြည့်ဝသော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏ တစ်ကိုယ်ရည်သန့်ရှင်းရေးမှ အစပြု၍ စာသင်ခန်းတွင်း၊ ကျောင်းတွင်းဆိုင်ရာ ပတ်ဝန်းကျင်များ သန့်ရှင်းသာယာအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းဘောလုံးကွင်းများကို အဆင့်အတန်းမီမီ သပ်သပ်ရပ်ရပ် တည်ဆောက်ပေးထားရာ ကျောင်းသား ကျောင်းသူများ အကျိုးရှိရှိ ထိရောက်အောင် စနစ်တကျ အသုံးချ ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားလေ့ကျင့်လိုက်စား၍ ကျန်းမာသန်စွမ်းပြီး ပညာတတ်သော  အနာဂတ် မျိုးဆက်သစ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ဆရာ ဆရာမများ နေထိုင်ရေး အဆင်ပြေစေရန်အတွက် ဝန်ထမ်းအိမ်ရာများကို တည်ဆောက်ပေးထားခြင်းဖြစ်ကြောင်း၊ ကျောင်းဖွင့်ကာလအတွင်း ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အခက်အခဲကြုံတွေ့ရပါက မိမိတို့ သက်ဆိုင်ရာဌာနများသို့ ချက်ချင်း သတင်းပေးပို့ရန်နှင့် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အောင်မြင်စွာပြီးမြောက်ရေးအတွက် ပညာရေးမိသားစုများ ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တည်ဆောက်ပြီးစီးသည့် အဆောက်အဦးများ၊ ကျောင်းဘောလုံးကွင်းများ၊ တပ်ဆင်ထားသည့် အားကစားပစ္စည်းများ၊ ကျောင်းတွင်း စိမ်းလန်းစိုပြေမှုဆိုင်ရာ ဆောင်ရွက်ထားမှုများနှင့် သင်ကြားသင်ယူနေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်