ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၃၀

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ ညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃ ရှိ အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတိုင်းအတွက် အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ အခြေခံပညာကောင်းမှ နိုင်ငံအုတ်မြစ် ကောင်းမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း အခြေခံပညာကို KG+ 9 အထိ မဖြစ်မနေ သင်ကြားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာ ဆရာဆရာမများ၏ တက်ညီလက်ညီ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများကြောင့် ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ ၇ ဒသမ ၂၃ သန်းကျော် အေးချမ်းစွာတက်ရောက် ပညာသင်ကြားလျက်ရှိပါကြောင်း၊ လိုအပ်ချက် အခက်အခဲများ ရှိသည့်တိုင် ပညာသင်ကြားရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် သစ္စာရှိရှိ ကြိုးစားဆောင်ရွက်ပေးခဲ့ကြသည့် အခြေခံဆရာဆရာမများ အားလုံးကို အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

 

mdn

 

ယခုအစည်းအဝေးတွင်လည်း အခြေခံပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်ချက်များကို အဓိကထား ဆွေးနွေးကြစေလိုပါကြောင်း၊ မိမိတို့လက်အောက် ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် နွေးနွေးထွေးထွေးဆက်ဆံ၍ ပညာရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အတွေ့အကြုံများသော်လည်း မေ့လျော့မှုမရှိစေဘဲ သတိထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ စာရင်းဇယားများ ပြုစုဆောင်ရွက်၍ ပေးပို့ရာတွင် တိကျမှန်ကန် စေရေးအတွက် အလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက် ဝိုင်းဝန်းလက်တွဲ ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်ဝင်းက တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးများကို အခြေခံ ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးပြောကြားသည်။

 

ယင်းနောက်အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဆွေးနွေး ပြောကြားပြီး အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီမံရေးရာဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍရေးရာဆိုင်ရာလုပ်ငန်းများ၊ ပညာရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်