နေပြည်တော် နိုဝင်ဘာ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကျောင်းကုန်းမြို့နယ် မီးသွေးတိုက် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ကညင်သုံးဆင့် အခြေခံပညာအထက်တန်းကျောင်း၊ ညောင်တုန်းမြို့နယ် ပေစိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ နတ်ပေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ညောင်တုန်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ သင်ကြားရေးဆိုင်ရာများနှင့် စီမံမှုဆိုင်ရာများ၊ စာကြည့်တိုက်၊ သိပ္ပံလက်တွေ့ခန်းများ၊ အရည်အသွေးတိုးတက် ကောင်းမွန်စေရေးမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဆရာဆရာမများတွေ့ဆုံ၍ တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် မိမိတို့ကျောင်းအလိုက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားစေရေးအတွက် ဝိုင်းဝန်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အနာဂတ်လူငယ်များ ပညာရည်မြင့်မားရေး၊ အမျိုးသားစရိုက်လက္ခဏာများ ထိန်းသိမ်းရေးနှင့် တိုးတက်ပြောင်းလဲနေသည့်ခေတ်နှင့် အညီရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း မှာကြားကာ ဆရာ ဆရာမများ၏ တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်