နေပြည်တော် ဧပြီ ၂၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြား သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာ တက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်၊ မိတ္ထီလာမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ရှမ်းတဲ)၊ အခြေခံပညာအထက်တန်းကျောင်း(တောမ)နှင့် အခြေခံပညာ အထက်တန်းကျောင်း (ချည်စက်)သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျောင်းဆောင်၊ စာသင်ဆောင်နှင့် ခန်းမများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ဖြည့်ဆည်းကာ လိုအပ်သည်များ မှာကြား သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်သင့်ပညာရေးဝန်ထမ်း ဆရာ ဆရာမများအားတွေ့ဆုံပြီး ပြင်းထန်သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန်တွင် ကျောင်းသားကျောင်းသူများ ပညာသင်ယူနိုင်ရေးအတွက် စနစ်တကျ ကြိုတင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းဆောင်၊ စာသင်ဆောင်နှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းမှုများကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းများအလိုက် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆောက်အအုံများ ပိုမိုကောင်းမွန်ခိုင်ခံ့မှုရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့် အနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အလမ်း မထိခိုက်စေရေး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်