ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ရုရှားဘာသာဌာန၊ ရုရှားဘာသာစကားသင်တန်းနှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် စက်တင်ဘာ ၉

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Shukshin Altai State University for Humanities and Pedagogy တို့ပူးပေါင်း၍ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ရုရှားဘာသာဌာန၊ ရုရှားဘာသာစကား သင်တန်းနှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင် ရာရုရှားကောင်စစ်ဝန် Mr.Pavel Kablukov ၊  ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ  ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာရုရှား ကောင်စစ်ဝန်တို့က တက္ကသိုလ်ပင်မဆောင်ရှေ့တွင် အခမ်းအနား ပထမပိုင်း အစီအစဉ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကြွရောက်လာသည့် ဧည့်သည်တော်များအား ရုရှားဓလေ့ရိုးရာ ထုံးတမ်း အစဉ်အလာဖြင့် ကျွေးမွေးဧည့်ခံ ကြိုဆိုကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရှရှားကောင်စစ်ဝန်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရုရှားဘာသာ စကားဌာန(Russian language office) ဆိုင်းဘုတ်ကို အမွှေးနံ့သာရေဖြင့် ပက်ဖြန်းပေးကြသည်။

ယင်းနောက် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ သီရိရတနာခန်းမ၌ အခမ်းအနား ဒုတိယပိုင်းကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် အနာဂတ် ပညာရေးမြင့်မားရေးအတွက် ဦးစားပေးပံ့ပိုးလျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံမှတက္ကသိုလ်များကို နိုင်ငံခြားတက္ကသိုလ်များနှင့် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုး၍ မိတ်ဖက်ဆက်ဆံရေးများ ထူထောင်နေပါကြောင်း၊ ရှရုားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား ထာဝရမိတ်ဆွေဖြစ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က က မန္တလေးမြို့တွင် ရုရှားဘာသာစကားဌာန ဖွင့်လှစ်ခြင်းကိုကြိုဆိုပါကြောင်း  နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားကောင်စစ်ဝန် Mr.Pavel Kablukov က ဝမ်းမြောက်စကားပြောကြားသည်။

ယင်းနောက် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရုရှားနိုင်ငံ ASUHP တို့ ပူးပေါင်း ဆောင်ရွက်မှု ဗီဒီယိုကလစ်ကိုပြသပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကြကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယဉ်ကျေးမှုပြခန်းသို့ သွားရောက်၍ တရုတ်၊ ထိုင်း၊ ဂျာမန်၊  ကိုရီယား၊ ဂျပန်၊ ရုရှားတို့၏ ရိုးရာယဉ်ကျေးမှု ပြကွက်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံတက္ကသိုလ်သို့သွားရောက်၍ ရတနာပုံ တက္ကသိုလ်စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ကာ တက္ကသိုလ်စာကြည့်တိုက်နှင့် ဘာသာရပ်ဌာနစာကြည့်တိုက်များတွင် စာအုပ်များကို နှစ်စဉ်ဖြည့်ဆည်းပေးသွားရန် စီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ်ရှိ တက္ကသိုလ်သုတေသနစင်တာသို့သွားရောက်၍ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ သုတေသနဆောင်ရွက်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများကို အကျိုးရှိရှိအသုံးချဆောင်ရွက်ရေး၊ စနစ်တကျကိုင်တွယ်၍  စည်းကမ်းရှိရှိ အသုံးပြုဆောင်ရွက်ရေးတို့ကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်