ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ သူနာပြုသင်တန်းကျောင်း (နေပြည်တော်) ၌ အကူသူနာပြုကျွမ်းကျင်မှု အဆင့် (၂) အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးအားပေး

နေပြည်တော် ဇန်နဝါရီ ၂၄ 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေး မှူးချုပ်များနှင့်အဖွဲ့သည် ယနေ့တွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်) Assessment Center သို့ ရောက်ရှိပြီး အကူ သူနာပြုကျွမ်းကျင်အဆင့် (၂) (Nurse Aid Level-2) အလုပ်အကိုင်အတွက် ဖြေဆိုသူ (၁၄)ဦးကို အမျိုး သားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင် ရေးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို  ကြည့်ရှုစစ်ဆေး သည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အရည်အသွေးပြည့်မီသော အခြေခံ ကျွမ်းကျင်လုပ်သားကောင်းများ ပေါ်ထွက်လာနိုင်ရေး မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်းနှင့် နည်းပညာဆိုင်ရာ ကိရိယာများအား ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရေး လေ့ကျင့်သင် ကြားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ကျွမ်းကျင်လုပ်သားများအား အရည်အသွေးပိုင်းဆိုင်ရာ စိစစ်မှုများကို ပြည်နယ်နှင့် တိုင်းဒေ သကြီး ပြည်သူ့ဆေးရုံကြီးများတွင်လည်း မြှင့်တင်ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ သူနာ ပြုသင်တန်းများကို ပုဂ္ဂလိကကဏ္ဍတွင် ဖွင့်လှစ်ပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ သက်ဆိုင် ရာဦးစီးဌာနနှင့် ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ပေး ရေးကော်မတီတို့က ဝိုင်းဝန်းထိန်းသိမ်းပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် သူနာပြုသင်တန်းကျောင်း(နေပြည်တော်) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းလင်း က Assessment Center နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ သူနာပြုသင်တန်းကျောင်း(နေပြည်တော်) အား Nurse Aid Level-2 (အကူသူနာပြု) အလုပ်အကိုင်အတွက် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ၂၀၂၂ ခုနှစ်ဇူလိုင် ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ သက်တမ်းကာလ (၂) နှစ်ဖြင့် အသိအမှတ်ပြုပေးခဲ့ပြီး  အမျိုးသားအဆင့် အကူသူနာပြု ကျွမ်းကျင်မှုအဆင့် (၂) ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက် မှ ၂၈ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကာ NSSA အနေဖြင့် အကူ သူနာ ပြု အလုပ်အကိုင် အတွက် ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးစစ်ဆေးခြင်းကို ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိသည့် NSSA အနေဖြင့် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အလုပ်အကိုင် (၃၅) မျိုးအတွက် ဖြေဆိုသူ ၂၃၀၄၈ ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အရည်အသွေးပြည့်မီသူ ၂၁၀၄၇ ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဖြေဆိုသူ ၅၀၀၀ ကို စစ်ဆေးအကဲဖြတ်နိုင်ရေး လျာထား သတ်မှတ်ထားပြီး အလုပ်အကိုင် (၂၅) မျိုးအတွက် ဖြေဆိုသူ ၄၁၂၇ ဦးကို စစ်ဆေး အကဲဖြတ် နိုင်ခဲ့၍ အရည်အသွေးပြည့်မီသူ ၃၉၄၄ ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်းနှင့် လျာထားချက် ပြည့်မီအောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်