ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မိုခါမုန်တိုင်းကျရောက်ခဲ့သည့် ဒေသများအတွက် ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

နေပြည်တော် မေ ၁၉

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးဝန်းအတွင်း  မိုခါမုန်တိုင်းဒါဏ်သင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြင်ဆင်ရန်နှင့် ပြန်လည်ဖြည့်ဆည်း ပေးရန်လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

 

မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မိုခါမုန်တိုင်းကျရောက်ခဲ့သည့် ဒေသများအတွက် ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။  

 

အစည်းအဝေးတွင် မိုခါမုန်တိုင်းဒါဏ်သင့် ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်မြို့နယ် တစ်ခုချင်းအလိုက် ကျန်းမာရေးကဏ္ဍဆိုင်ရာမှ ကြိုတင်ပြင်ဆင်ခဲ့မှုများ၊ မုန်တိုင်းကျရောက်ပြီးနောက် လက်ရှိဆောင်ရွက်နေ သည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကိုဆန်းစစ်သုံးသပ်၍ လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းရေး၊ ရခိုင်ပြည်နယ်နှင့် အခြားလေမုန်တိုင်းသင့် ဒေသများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု မရှိစေ ရေး ရေတွင်းရေကန်များကို ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်စင် ဆေးပြားများ ဖြန့်ဝေခြင်း၊ လိုအပ်သည့်ဆေးနှင့် ဆေးပစ္စည်းများကိုပို့ဆောင်ခြင်းများကို ဆောင်ရွက်ရာတွင် ကျေးလက် ဒေသအထိရောက်ရှိရေးနှင့် လိုအပ်ချက်များရှိပါကအချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင် ရွက်ရေး၊ ကူးစက်ရောဂါများ ဖြစ်ပွားမှုရှိပါက အမြန်ဆုံးတုန့်ပြန်နိုင်ရေး၊  RRT(Rapid Response Team)များနှင့် ဆေးအဖွဲ့များကို လိုအပ်သလို ထပ်မံစေလွှတ်နိုင်ရေးနှင့် တာဝန်ပြီးဆုံးသည့် အဖွဲ့များ နေရာတွင် အခြား အဖွဲ့များ အစားထိုးစေလွှတ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ဆွေးနွေးသည်။ 

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲများ၊ ဆေးခန်းများပျက်စီးဆုံးရှုံးမှု၊ ကုသရေးဦးစီးဌာန တာဝန်ရှိသူက စစ်တွေပြည်သူ့ ဆေးရုံကြီး၊ ခရိုင်အဆင့်ဆေးရုံ၊ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ  ပျက်စီးဆုံးရှုံးမှု၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန တာဝန်ရှိသူက  သူနာပြု/သားဖွား သင်တန်းကျောင်းများ ပျက်စီးဆုံးရှုံးမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဦးစီးဌာနအလိုက် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြကြရာ  ပြည်ထောင်စုဝန်ကြီး က ပျက်စီးသွားသည့် ကျန်းမာရေးအဆောက်အဦများကို ဦးစီးဌာနအလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်ရှိ ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေများကို အသုံးပြု၍ ထိရောက်အကျိုးရှိစွာ ပြင်ဆင်နိုင်ရေးနှင့်  ပြန်လည် ပြင်ဆင် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေတို၊ ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများအလိုက် ဆွေးနွေးဖြည့်ဆည်းပေးသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြောင်း သိရသည်။

(သတင်းစဉ်)