ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် နှင့် ဒုတိယဥက္ကဋ္ဌ၊ အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ နှီးနွယ်ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသူများ၊ ကြက်ခြေနီ ဗဟိုကောင်စီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊  ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုလိုဆောင်ရွက်ရာတွင်  ပိုမိုအားကောင်းပြီး အရေးကြီးသည့် မူဝါဒများနှင့်လမ်းညွှန်ချက်များကို ချမှတ်နိုင်ရန် ယခုညီလာခံသက်တမ်းတွင် တာဝန်ယူ ဆောင်ရွက်ပေးနေကြသည့် မြန်မာနိုင်ငံ ကြက် ခြေနီအသင်းဥက္ကဋ္ဌနှင့်တကွ အလုပ်အမှုဆောင်များ၊ ကောင်စီဝင်များအားလုံးအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်မည့် ကြက်ခြေနီလုပ်ငန်းများအတွက် အားသာချက်၊ အားနည်းချက်များကို ယခုအစည်းအဝေးတွင် စနစ်တကျ သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်းပေး ထားသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေပါ လူသားချင်းစာနာထောက်ထားမှုနယ်ပယ်တွင် နိုင်ငံတော်၏ အရန်အင်အားဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အချိန်ကာလများနှင့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ဆိုင်ကလုန်း မုန်တိုင်းမိုခါကဲ့သို့သော ဘေးအန္တရာယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေး ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ဒေသအလိုက်ပါဝင်ကူညီ လှုပ်ရှားဆောင်ရွက်ပေး နေကြသည်ကိုလည်းတွေ့မြင်ခဲ့ရကြောင်း။

ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများတွင် ဆက်လက်ကူညီနိုင်ရန်အတွက် ကြက်ခြေနီ စေတနာလုပ်အားရှင် အင်အားပိုမိုတိုးပွားရန် လိုအပ်သကဲ့သို့ လူငယ်ကြက်ခြေနီ စေတနာလုပ်အား ရှင်များတိုးပွားပါဝင်လာရန်လည်း အလွန်လိုအပ်ကြောင်း၊ လူငယ်များကို အခြေခံဖွဲ့စည်းထားသည့် အသင်းဖြစ်သည်နှင့်အညီ လူငယ်အားကိုယူရမည်ဖြစ်သည့်အတွက် နှီးနွယ်ဝန်ကြီးဌာနများဖြစ်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန တို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက် သွားရန်မှာကြားလိုကြောင်း၊ ထို့ပြင် မြို့နယ်ကြက်ခြေနီ အသင်းခွဲများသည်လည်း အခြေခံပညာ ကျောင်းများတွင် အသင်း၏နည်းဥပဒေပါ ကျောင်းကြက် ခြေနီ အသင်းခွဲ ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းနိုင် ရေးအတွက် သက်ဆိုင်ရာ အခြေခံပညာကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်းသိရှိရပြီး လူငယ်ရေးရာဦးစီးဌာနမှပြုလုပ်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံတကာဆွေး နွေးပွဲများတွင် လူငယ်ကြက်ခြေနီစေတနာလုပ်အားရှင်များပါဝင် တက်ရောက်ဆွေးနွေးခွင့်ရခြင်း သည်လည်း လူငယ်များအတွက် များစွာအကျိုးရှိဖြစ် ကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကြက်ခြေနီစေတနာလုပ်အားရှင် အင်အားတိုးပွားအောင် စည်းရုံးသွားရန် လိုအပ် ကြောင်း၊ စည်းရုံးသည့်အခါတွင်လည်း စေတနာလုပ်အားရှင် (Volunteer) စိတ်ဓာတ်ကိုအခြေခံသည့် အသင်းသူ၊ အသင်းသားများကို ရွေးချယ်သွားရန်အရေးကြီးကြောင်း။

ယနေ့ခေတ် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်များသည် ပိုမိုဖြစ်ပွားလာပြီး ထိခိုက် ပျက်စီးဆုံးရှုံးမှုများသည်လည်း ကြီးမားသည့်အတွက် အသင်းအဆင့်ဆင့်တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးအသိပညာ ဗဟုသုတတိုးပွားရေးအပိုင်းများကို ပိုမိုဆောင်ရွက်ရန်လိုအပ်သဖြင့် ဗဟိုကောင်စီဝင်များအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါ ကြောင်း၊ လူမှုကရုဏာလုပ်ငန်းဆိုသည် အပြောလွယ်သလောက် လုပ်ဆောင်မှုအပိုင်းတွင် အလွန်လေးနက်ကျယ်ပြန့်ပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် NGO၊ INGO မဟုတ်သော နိုင်ငံအတွင်း သက်တမ်းအရှည်ဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း (Humanitarian Organization) ဖြစ်သည်နှင့်အညီ အများအကျိုးအတွက် အစီအစဉ်ကောင်းများ ချမှတ်ကာ စည်းစနစ်ကျကျ ထိရောက်စွာ ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သို့မှသာ အသင်း၏ ပုံရိပ်လည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားအဆင့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မိမိတို့က ဉီးဆောင်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မူလအခြေခံကြက်ခြေနီ စိတ်ဓာတ်များလျော့ပါးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လူ သားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုးရှေးရှု၍ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူကာ အထူးအလေး ထား လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ ကြက်ခြေနီအသင်းကြီးသည် နိုင်ငံတော်၏ အရေး(နိုင်ငံ့အရေး) ကိုဆောင်ရွက်နေရသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း (Humanitarian Organization) ဖြစ်သည့်အပြင် အသင်းက အကောင်အထည်ဖော် ဆောင်ရွက်နေသည့်၂၀၂၁-၂၀၂၅ မဟာဗျူဟာကိုလည်း ပြန်လည်သုံးသပ်ပြီး လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ဗဟိုကောင်စီဝင် ကြီးများ၏ အတွေ့အကြုံများ၊ အသိအမြင်များကို တွန်းအားအဖြစ် အသုံးပြုပြီး အသင်းသူ အသင်း သား၊ ကြက်ခြေနီစေတနာလုပ်အားရှင် လူငယ်များ၏ခွန်အားဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို ပိုမိုအောင်မြင်အောင် ပုံဖော်ကြိုးပန်း အားထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် က အသင်း၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို ဂုဏ်ပြုသောအား ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိခရိုင်မှ ကြက်ခြေနီစေတနာလုပ် အားရှင်များက “အများအတွက်ကြက်ခြေနီ”သီချင်းကို စုပေါင်းသီဆိုပြီး ကြက်ခြေနီလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသပြီး ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နှီးနွယ်ဝန်ကြီးဌာနတစ်ခုဖြစ်သော ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာကျောင်းများနှင့် ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ် ပြုထား သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများကို အခြေခံပညာကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသား လူငယ်များ (၁၁,၂၆၃)ဦးအတွက် ရှေးဦးပြုစုခြင်း အတတ်ပညာများကိုသင်ကြားပေး လျှက်ရှိ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်၊ ကောလိပ်များတွင်  တက္ကသိုလ်၊ ကောလိပ် ကြက်ခြေနီအသင်းခွဲ(၇၉)သင်း ဖွဲ့စည်းထားရှိကာ အသင်းဝင်အင်အား စုစုပေါင်း (၁၁,၂၂၃)ဦးရှိ ကြောင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို  ဖေဖော်ဝါရီ (၂၉)ရက်အထိ ကျင်းပပြုလုပ်သွားမည်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်