ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Dr. Md Monwar Hossain ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာလ ၇

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Dr. Md Monwar Hossain ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စ ရပ်များ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြသနာများဖြစ်သည့် ကပ်ရောဂါကာကွယ် တုံ့ပြန်ရေး လုပ်ငန်းများ၊ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ၊ ပဋိဇီဝဆေးယဉ်ပါးမှုပြသနာ ဖြေရှင်းနိုင်ရေး လုပ်ငန်းများ၊ ရေနစ် သေဆုံးမှုလျော့ချ ကာကွယ်ရေးလုပ်ငန်းများ အစရှိသည်တို့တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရာတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားသည့် ကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်နိုင်ရေးနှင့် ဖြန့်ဖြူးအသုံးပြုနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဉီးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဉီးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်