နေပြည်တော်  ဧပြီ ၂၇

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ  ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (ကျောက်ဆည်မြို့)သို့ ရောက်ရှိကာ အထွေထွေရောဂါကုသဆောင်၊ အရိုးကုသဆောင်၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အရေးပေါ် လူနာကုသဌာန၌ ဆေးဝါကုသမှုခံယူနေသော လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး နေမှုအခြေအနေများကို ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်မှ ခွဲဝေချထားပေးသောရန်ပုံငွေဖြင့် ဆေးဝါးများဝယ်ယူကာ လူနာများအား ထောက်ပံ့ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်မှပံ့ပိုးပေးသည့် ရန်ပုံငွေနှင့် လှူဒါန်းရရှိမှုများကို ပြည်သူများထံ အကျိုးရှိစွာရောက်ရှိစေရေး အလေးထားဆောင်ရွက်ပေးရန်နှင့် စနစ်တကျစီမံ ဆောင်ရွက် ကြရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး၌ အရေးပေါ်လူနာများ လက်ခံဆောင်ရွက်နေမှု၊ ဆေးဝါးများထုတ်ပေးမှု၊ အရိုးနှင့်ထိခိုက်ဒဏ်ရာရလူနာများ၊ အထွေထွေရောဂါ လူနာများအား ကုသပေးနေမှု၊ ငလျင်ဏ်ကြောင့် ယာယီရပ်ဆိုင်းခဲ့ရပြီး ကုသရေး လုပ်ငန်းများပြန်လည် ဆောင်ရွက်နေသည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါလူနာများအား ကုသပေးနေမှု၊ နှလုံးနှင့်သွေးကြော ရောဂါကုဌာနတွင် အထူးစက်များအသုံးပြု၍ ဆေးကုသမှုများ ပြန်လည်ဆောင်ရွက်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုပြီး ထိခိုက်ပျက်စီးသော လူနာဆောင်၊ ဌာနများ ပြန်လည်ပြုပြင်ရန်နှင့် ကုသရေး လုပ်ငန်းများအားလုံး လည်ပတ်ဆောင်ရွက်ရန် ဌာနအလိုက် တာဝန်ခံအထူးကုဆရာဝန်ကြီးများအား ဆွေးနွေးမှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်-မန္တလေး ဇီဝကစာသင်ခန်း၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မန္တလေးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးတက္ကသိုလ်-မန္တလေးနှင့် ဆေးနှင့်နှီးနွယ်တက္ကသိုလ်များ၊ သင်တန်းကျောင်းများမှ ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက ဌာနအလိုက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု၊ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများနေထိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး ဆေးရုံဝင်းအတွင်းရှိ ခြေတုလက်တုနှင့် အားပြုကိရိယာအလုပ်ရုံသို့ သွားရောက်ကာ အင်အားပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ခြေလက်ဆုံးရှုံးသူများအား ခြေတုလက်တု တပ်ဆင်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် နေမှုနှင့် ဧရာဝတီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသော ယာယီဆေးကုသဆောင်၌ ငလျင်ဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူများအား ကုသပေးနေမှုအခြေအနေများကို ကြည့်ရှု၍ လူနာများအား အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)