ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာမှူး ဒေါက်တာဝင်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ အရေးပေါ်နှင့်ပြင်ပ လူနာဌာန၊ အထွေထွေရောဂါကုသဆောင်၊ အရိုးရောဂါကုသဆောင်၊ ခွဲစိတ်ကုသဆောင်များ၌ လူနာများ ဆေးဝါးကုသမှုခံယူနေမှုနှင့် လူနာခန်းများပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့ အစည်းအဝေးခန်းမ ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုသရေးလုပ်ငန်းများအပြင် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ရောဂါနှိမ်နင်းရေးလုပ်ငန်းများစသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လုပ်ငန်းများကိုလည်း သွက်လက်လျင်မြန်စွာဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ ဘဏ္ဍာငွေများ အလုံအလောက်ချထားပေးပြီး ဝန်ကြီးဌာနမှ လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ထောက်ပံ့ပေးထားသည့်အတွက်ကြောင့် ပြည်သူများ အကျိုးရှိစေရေး စနစ်တကျသုံးစွဲရန် မှာကြားသည်။

ယင်းနောက် ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့ ဆေးရုံအုပ် ဒေါက်တာသိန်းထွန်းက ဆေးရုံ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြပြီး အထူးကုဆရာဝန်ကြီးများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်