ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့ဝင်များ၏ ကျန်းမာရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံသို့ တက်ရောက်

နေပြည်တော် ဇွန် ၂၈

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ် နန်းချန်းမြို့တွင် ဇွန် ၂၆ ရက် ညနေပိုင်းက ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအဖွဲ့ဝင်များ၏ ကျန်းမာရေးဝန်ကြီးများအဆင့် အစည်းအဝေးသို့တက်ရောက်ပြီး ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။

 

ဇွန် ၂၇ ရက်နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ်အုပ်ချုပ် ရေးမှူးနှင့် ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယအတွင်းရေးမှူးဖြစ် Ye Jianchun တို့က ညီလာခံကို ဖွင့်လှစ်ပေးကြပြီး ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် ကျန်ရှီးပြည်နယ် ကော်မတီအတွင်းရေးမှူး Yin Hong က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယနေ့ညီလာခံတွင် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ တိုင်းရင်း ဆေးနယ်ပယ်မှ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား တိုင်းရင်းဆေးနှင့်ပတ်သက်၍ ဘက်စုံကဏ္ဍစုံမှ စဉ်းစားသုံးသပ်မှုများ လုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း၊ အထူးသဖြင့် သိပ္ပံနည်းကျ သုတေသနတွင် ရင်းနှီးမြုပ်နှံပြီး ခေတ်မီနည်းပညာများအသုံးပြုခြင်းဖြင့် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ ထိရောက်မှု၊ ဘေးကင်းလုံခြုစိတ်ချရမှုနှင့် သုံးစွဲနိုင်မှုတို့ ကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာ၏ မူပိုင်ခွင့်ဆိုင်ရာစံသတ်မှတ်ခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းသည်အရေးကြီးကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သော ညီလာခံသည် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံ များအကြား တိုင်းရင်းဆေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြန်အလှန်နားလည် ယုံကြည်မှု၊ တီထွင်ဆန်းသစ်မှုများဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင် မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

 

ထို့အတူ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ဘရူနိုင်း နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ မောလ်ဒိုက်နိုင်ငံ၊ မွန်ဂိုလီယားနိုင်ငံနှင့် အီဂျစ်နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ ဒုတိယအတွင်းရေးမှူးချုပ်တို့ကလည်း အမှာစကား ပြောကြား ခဲ့ကြသည်။

 

ညီလာခံသို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ၊ လေ့လာသူနိုင်ငံနှင့် မိတ်ဖက်နိုင်ငံ များမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင် များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 (သတင်းစဉ်)