ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြော ခွဲစိတ်ကုသဌာနနှင့် ပြည်သူ့ဆေးရုံကြီး - ပုသိမ်မြို့၊ ကိုးထပ်တိုးချဲ့ဆောင်သစ်ကို ကြည့်ရှု

နေပြည်တော် ဇူလိုင်  ၁၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇူလိုင် ၈ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြော ခွဲစိတ်ကုသဌာနသို့ သွားရောက်၍ ဆေးကုသရေးလုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုကာ နှလုံးအဆို့ရှင် အစားထိုးခွဲစိတ် ကုသမှုနှင့် နှလုံးသွေးကြော ခွဲစိတ်ကုသမှု ခံယူထားသော လူနာများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်သည်များ မှာကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြော ခွဲစိတ်ကုသဌာနတွင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ဇွန်လအထိ ရင်ခေါင်းဖွင့်၍ ဆောင်ရွက်သည့် ခွဲစိတ်ကုသမှုများဖြစ်သော နှလုံးအဆို့ရှင် ပြုပြင်ခြင်းနှင့် လဲလှယ်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှု အကြိမ် (၃၀) ၊ မွေးရာပါနှလုံးရောဂါ ခွဲစိတ်ကုသမှု (၂၉) ကြိမ်၊ နှလုံး သွေးကြော အစားထိုးခြင်း ခွဲစိတ်ကုသမှု (၄၉) ကြိမ်၊ အဓိကသွေးလွှတ်ကြော ခွဲစိတ်ကုသမှု (၈) ကြိမ် တို့အပြင် သွေးကြောအစားထိုးခြင်း/ ခွဲစိတ်ကုသ၍ ပြုပြင်ခြင်း (၈၆) ကြိမ်၊ နှလုံးအမြှေးပါး သွေးယိုစီးခြင်း ကုသမှု၊ အဓိကသွေးလွှတ်ကြော အရေးပေါ်ခွဲစိတ်ကုသမှု အပါအဝင် နှလုံးနှင့် ပတ်သက်သည့် အရေးပေါ် ခွဲစိတ်ကုသမှုများ (၁၅၆) ကြိမ် ဆောင်ရွက်ခဲ့သည်။

ဇူလိုင် ၉ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်သူ့ ဆေးရုံကြီး - ပုသိမ်မြို့၊ ကိုးထပ်တိုးချဲ့ဆောင် အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီး-ပုသိမ်မြို့မှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ အဆောက်အဦ အထူးအဖွဲ့ (၅) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိုးချဲ့ဆောင်သစ်နှင့် အဆောင်ဟောင်းများတွင် လူနာဆောင်များ၊ ဆေးကုသရေး နှင့် ရောဂါရှာဖွေရေး  ဌာနများကို နေရာချထားရာတွင် ဆေးကုသရေးလုပ်ငန်းအတွက် အထောက်အကူ ဖြစ်စေရေး စနစ်တကျစီ မံခန့်ခွဲ နေရာချထားရန်နှင့် အထူးကုဆရာဝန်ကြီးများကလည်း ပူးပေါင်းအကြံပြု ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ပြည်သူများ လူနာများနှင့် ဆက်ဆံရေး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ကြခြင်းဖြင့် ဆေးကုသရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်ကိုလည်း ဆက်လက်အလေးထားဆောင် ရွက်ပေးရန် ပြောကြားသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြားကာ ပြည်သူ့ ဆေးရုံကြီး-ပုသိမ်မြို့၏ သွားနှင့်ခံတွင်းဌာန၊ ရောဂါရှာဖွေရေး ဓာတ်ခွဲဌာန၊ သွေးလှူဘဏ်၊ ကလေးကုသဆောင်၊ ဆေးကုသဆောင်၊ ကျောက်ကပ်သွေးသန့်စင်ခန်း၊ ဓာတ်မှန်ဌာနတွင် CT, MRI တပ်ဆင်နေမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုပြီး လူနာနှင့်လူနာစောင့်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ 

ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြု၊ သားဖွားသင်တန်းကျောင်း၊ ပုသိမ်မြို့သို့ သွားရောက်ကာ သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများ နှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး  သင်တန်းကျောင်းရှိ skill lab နှင့် library တို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ သွားရောက်ကာ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တာဝန်ရှိသူများက ဦးစီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကာ သင်တန်း တက်ရောက်နေကြသည့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၂ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေး စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီး၊ မအူပင်မြို့သို့သွားရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို ဖြည့်ဆည်းနိုင်ရန် ဘက်စုံထောင့်စုံမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မအူပင် ဆေးရုံကြီးအတွက်လိုအပ်သည့် ဆေးဝါး၊ စက်ပစ္စည်းနှင့် ဝန်ထမ်းအင်အားကို ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာ ဦးစီးဌာန မှစီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်