ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Dragan Aleksoski နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၉

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization For Migration-IOM)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr.Dragan Aleksoski တို့သည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

 

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် IOM အဖွဲ့အကြား လုပ်ငန်းနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းခဲ့သည့် အခြေအနေများ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးရေးညှိနှိုင်းနေမှု အခြေအနေများ၊ IOM အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ နေရပ်စွန့်ခွာရသူများကို လူသားချင်းစာနာမှုအကူအညီပေး လိုသည့်ကိစ္စများ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ရခိုင်၊ ချင်း၊ ကယား၊ မကွေး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရပ်စွန့်ခွာသူများအတွက် ထောက်ပံ့မှုနှင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အစိုးရ၏စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြား ခဲ့သည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ဦးစီးဌာနများက ညွန်ကြားရေးမှူးချူပ်များ ပါဝင်တက်ရောက်ကြသည်။

(သတင်းစဉ်)