ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နီပေါနိုင်ငံသံအမတ်ကြီးနှင့် မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား သီးခြားစီ တွေ့ဆုံ

နေပြည်တော် ၃  ဇန်နဝါရီ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့ နံနက်ပိုင်းတွင် နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Bhim K. Udas နှင့် မြန်မာနိုင်ငံဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ သီးခြားစီ တွေ့ဆုံသည်။

နီပေါနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုတိုးချဲ့နိုင်ရေးအတွက် အလားအလာရှိသောပို့ကုန်၊ သွင်းကုန်အမယ်များအား ဖော်ထုတ်သွားရေး၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ဆွေးနွေးပွဲများ ဆောလျင်စွာ ကျင်းပသွားနိုင်ရေးနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် နီပေါနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် အားပေးသွားရေးတို့ကို ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံသို့ ဖရဲနှင့် သခွားမွှေးများ တင်ပို့ရာတွင် တစ်ဖက်နိုင်ငံ၏ နယ်စပ်ဝင်ထွက်ဂိတ်တွင် ဝင်ထွက်မှုစစ်ဆေးသည့် အစီအစဉ်သစ်အရ သစ်သီးတင်ကားများ နှစ်နိုင်ငံနယ်စပ်ဂိတ်တွင် ယာဉ်ပိတ်ဆို့မှုဖြစ်ပေါ်လာသည့် အခြေအနေ၊ ဂိတ်များမှ ကုန်တင်ယာဉ်များ ဖြန့်ခွဲဝင်ထွက်ခွင့်ရရန် နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးစီမံဆောင်ရွက်ပေးမှု အခြေအနေ၊ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ နှစ်နိုင်ငံဝင်ထွက်ဂိတ် အသစ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည့် အခြေအနေတို့ကို ဆွေးနွေးကြသည်။

(သတင်းစဉ်)

mdn