ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်                       ခရီးသွားလုပ်ငန်းသုတေသနစင်တာလက်စွဲစာအုပ် မိတ်ဆက်ထုတ်ဝေခြင်းနှင့် လက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် 

နေပြည်တော် ဒီဇင်ဘာ ၂၇  

ခရီးသွားလုပ်ငန်း သုတေသနစင်တာလက်စွဲစာအုပ် မိတ်ဆက်ထုတ်ဝေခြင်းနှင့် သုတေသန နည်းလမ်းများအသုံးချခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ဟိုတယ်ဇုန်ရှိ  မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က ယင်းစီမံကိန်းကို မဲခေါင်-လန်ချန်းပူးပေါင်း ဆောင် ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁)ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် နေပြည်တော်၌ ကျင်းပ ခဲ့သော (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီး အစည်းအဝေးမှ စတင်ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၆ ခုနှစ် မတ် (၂၃)ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ ဆန်းယမြို့၌ ကျင်းပခဲ့ သော ပထမအကြိမ်မဲခေါင်-လန်ချန်း နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး၌ တရားဝင်စတင်ထူ ထောင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် တွင် ကျင်းပခဲ့သော  ဒုတိယအကြိမ်လန်ချန်း-မဲခေါင်ထိပ်သီး အစည်းအဝေး(၅)နှစ်တာ လုပ်ငန်းအစီ အစဉ်အရ ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍ (၁၀) ခုသတ်မှတ်ခဲ့ကြောင်း။

မြန်မာနိုင်ငံအနေနှင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေကို ၂၀၁၇ ခုနှစ်တွင် စတင်ရရှိခဲ့ပြီး အကောင်အထည်ဖော်သော စီမံကိန်းပေါင်း (၉၂)ခု ရှိကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင်လည်း အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ခရီးသွားလုပ်ငန်းသုတေသနစင်တာစီမံကိန်းကို အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ယင်းစီမံကိန်းသည် မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းအတွက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ခရီးသွားလုပ်ငန်းစျေးကွက်၏ ဝယ်လိုအားနှင့်ရောင်းလိုအားကို အချက် အလက်များနှင့် ကိန်းဂဏန်းများဖြင့်ဖော်ထုတ်ရန်၊ ခရီးသွားလုပ်ငန်းထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အစီအစဉ်များနှင့် မဟာဗျူဟာများ ချမှတ်နိုင်ရန်၊ ခရီးသွားစျေးကွက်ရှာဖွေ နိုင်ရေး စဉ်ဆက်မပြတ်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ နှင့် နှစ်အလိုက်စီမံချက်များကို ပံ့ပိုးကူညီရန်ရည်ရွယ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီး သွားလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက် မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ယင်းစီမံကိန်းမှ ထွက်ပေါ်လာမည့် အကျိုးရလဒ်များကို ခရီးသွား လုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများသာမက ခရီးသွားလုပ်ငန်း ဆိုင်ရာပညာရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူလူထုများအတွက်ပါ အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်းတွင် ဒေသခံတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆင့်ပွား အကျိုး သက်ရောက်မှုရှိသော လုပ်ငန်းဖြစ်သည့်အတွက် ကိန်းဂဏန်းနှင့် အချက်အလက်များ တိကျ ခိုင်မာမှုရှိမှသာ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာ၌ ထိရောက်သော အစီအမံများ ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် ယခု သုတေသန လက်စွဲစာအုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားပြုစုပြီး ထုတ်ဝေသွားရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 နောက်ဆက်တွဲလုပ်ငန်းစဉ်တစ်ခုအဖြစ် သုတေသနနည်းလမ်းများအပေါ် အသုံးပြုနည်းသင် တန်းကိုလည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနေရာ (၃) နေရာ၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူများ ဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား သင်တန်း သူများအနေဖြင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် ကြိုးစားသင် ယူကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
    
ဆက်လက်၍ သုတေသနပညာရှင်အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ခရီးသွားလုပ်ငန်း သုတေသနစင်တာလက်စွဲစာအုပ်ကို ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ပြီး လက်စွဲစာ အုပ်ပါ အကြောင်းအရာများနှင့် သင်တန်းဖွင့်လှစ်ပို့ချခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
    
ယင်းနောက် တက်ရောက်လာကြသူများကို သုတေသနလက်စွဲစာအုပ်များ မိတ်ဆက်လက် ဆောင်ပေးအပ်သည်။

၂၀၁၈ ခုနှစ် မဲခေါင်-လန်ချန်း ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး၏ ဆန်းယ ကြေညာ ချက်မှအစပြု၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ပေါ်ပေါက်လာချိန်တွင် မြန်မာ နိုင်ငံအတွက် ထိရောက်သောကူညီထောက်ပံ့မှုများကို တရုတ်နိုင်ငံမှ ပံ့ပိုးပေးလျက်ရှိရာ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ၏ စီမံကိန်းများအနက် တစ်ခုဖြစ်သော ခရီးသွားလုပ်ငန်း သုတေသနစင်တာ ထူထောင်ရေးအစီအစဉ်အရ စီမံကိန်းရည်မှန်းချက်များနှင့်အညီ ခရီးသွားလုပ်ငန်း သုတေသန စင်တာလက်စွဲစာအုပ် မိတ်ဆက်ထုတ်ဝေခြင်းနှင့် သုတေသန နည်းလမ်းများအသုံးချ ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)